အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက်

၁။ ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) ခန်းမ၌ ၉-၂-၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် အောင်မြင်မှု အထည်ချုပ်သင်တန်းကျောင်းမှ ထူးချွန်ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက်မှု အကောင်း ဆုံးစက်ရုံများကို ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာ စကားပြောကြားပြီး ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့သည်။

၂။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေး ရာနှင့် အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောင်မြင်မှုသင်တန်းကျောင်းမှ တာဝန်ခံများ၊ သင်တန်းသားများနှင့် အထည်ချုပ်လုပ်ငန်းရှင် များအပါအဝင် စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့သည်။

၃။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် “အထူးအကောက်ခွန်သက်သာကင်းလွတ်ခွင့်အစီအစဉ်”(Generalized System of Preferences-GSP) အခွင့်အရေးရသောလုပ်ငန်းဖြစ်ပြီး မြန်မာ့လုပ်သား ဈေးကွက်တွင် အလုပ်အကိုင်အများဆုံး ဖန်တီးပေးနိုင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလထိ CMP/CMP တဆင့်ခံ အထည်ချုပ် စက်ရုံ ၃၅၆ ရုံ၊ အထည်ချုပ်အလုပ်သမားဦးရေ ၂၁၇,၇၈၇ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံ ၃၁၀ ရုံ၊ အထည်ချုပ်အလုပ်သမားဦးရေ ၁၇၉,၁၅၂ ဦး ရှိ၍ ရန်ကုန်တိုင်း ဒေသကြီးသည် အထည်ချုပ်စက်ရုံအများဆုံးတည်ရှိပြီး အထည်ချုပ်လုပ်သားအများဆုံးကို အလုပ်ပေးနိုင်ကြောင်း၊ CMP အထည်ချုပ်လုပ်ငန်းရှိ လုပ်သားအများစုသည် စနစ်တကျ သင်ကြားလေ့ကျင့်ပေးနေသော အထည်ချုပ်သင်တန်းများတွင် တက်ရောက်ထားမှုမရှိခြင်း၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်နှင့် သင်တန်းဆင်းလက်မှတ်များမရှိဘဲ လုပ်ငန်းခွင်တွင်း အတွေ့အကြုံနှင့် အဆင်ပြေသလို လုပ်ကိုင်နေကြကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်နှင့်အမျှ အထည်ချုပ်လုပ်ငန်းအပါအဝင် အခြား အလုပ်အကိုင်များတွင် စနစ်တကျသင်ကြားထားသော ကျွမ်းကျင်လုပ်သားများ လိုအပ်နေ ကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် သက်မွေး ကဏ္ဍအလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များ ပူးပေါင်းပါဝင်သော မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) တွင် Focal Ministry အဖြစ် တာဝန်ယူ ဆောင်ရွက်နေပြီး လုပ်ငန်းခွင်တွင်းရှိ လုပ်သားများ၏ သက်မွေးပညာကျွမ်းကျင်မှုမြှင့်တင်ရေး၊ လေ့ကျင့်ရေး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ထုတ် ပေးရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

၄။ ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် အထည်ချုပ်ကဏ္ဍတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာစေရေး၊ အမျိုးသမီးရွှေ့ပြောင်းလုပ်သားများ လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိ အမှတ်ပြုလက်မှတ်ရရှိရေးကို ရည်ရွယ်၍ “အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်း”နှင့် ပူးပေါင်းကာ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) ၌ အထည်ချုပ်သင်တန်း များ ဖွင့်လှစ်ပို့ချနေကြောင်း၊ သင်တန်းပို့ချရာတွင် သင်တန်းသားများထံမှ သင်တန်းကြေး လုံးဝ ကောက်ခံခြင်းမရှိပဲ “အခမဲ့” သင်ကြားပေးနေကြောင်း၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) ၏ အထည်ချုပ်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အဆင့် ၃ နှင့် ၄ ရေးဆွဲနိုင်ရန် ပံ့ပိုးကူညီသည့်အပြင် NSSA ၏ အထည်ချုပ် အလုပ်အကိုင်ဆိုင်ရာ စစ်ဆေးအကဲဖြတ်ရေးဌာန (Assessment Center) အဖြစ် အသိအမှတ်ပြု လက်မှတ်ရယူပြီး အဆင့်မီသင်တန်းဆင်းများကို အထည်ချုပ်ကျွမ်းကျင်မှု အဆင့် ၁ နှင့် ၂ တွင် ဝင်ရောက်ဖြေဆိုစေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များရှိ အထည်ချုပ် စက်ရုံများမှ မန်နေဂျာနှင့် ကြီးကြပ်အဆင့်ရှိသူများကို NSSA ၏ ကျွမ်းကျင်မှု “စံ”များနှင့်အညီ ဆရာဖြစ်သင်တန်းများ (Training of Trainer-TOT) ဖွင့်လှစ်ပို့ချခြင်း၊ Bogart၊ Eurogate၊ Maple၊ Delta-Mate၊ Ace Apparel၊ Myport၊ ချင်းတွင်းတံခွန်၊ ရွှေစကား စသည့် အထည်ချုပ်စက်ရုံများတွင် Assessment Center များထူထောင်ပြီး ပူးပေါင်းဆောင်ရွက်၍ မြန်မာ့အထည်ချုပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အလေးထားလုပ်ဆောင်နေမှုများကို အသိအ မှတ်ပြုကြောင်း၊ “အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်း” တွင် မော်တာအထည်ချုပ်သင် တန်း၊ အထည်ချုပ်နည်းပြသင်တန်း၊ အထည်ချုပ်စက်ပြင်သင်တန်းနှင့် အထည်အရည်အသွေး စစ်ဆေးခြင်း သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေကြောင်း သတင်းရရှိသည်။

၅။ အထည်ချုပ်လုပ်ငန်းတွင် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ အတွင်းရေးမှူးကိုယ်တိုင် အထည် ချုပ်စစ်ဆေးအကဲဖြတ်ရေးဌာန၊ စစ်ဆေးရေးမှူးများနှင့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက် မပြတ်ပေါ်ထွန်းလာစေရေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်၊ မင်္ဂလာဒုံစက်မှုဇုန်၊ ဒဂုန်တောင်စက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်းရှင်များ၊ HR မန်နေဂျာများနှင့် ကွင်းဆင်းတွေ့ဆုံ၍ အထည်ချုပ်လုပ်ငန်းဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း၊ ဆွေးနွေးပွဲရလာဒ်များအရ အထည်ချုပ်လုပ်သား (၁၀၀၀) ဦးနှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် အထည်ချုပ်ကျွမ်းကျင်လုပ်သားများ စိစစ်အကဲဖြတ်မွေးထုတ်နိုင်ရေး Assessment Center များထူထောင်ပြီး Assessment Center များတွင် အထည်ချုပ်လုပ်သားများ စစ်ဆေးအကဲဖြတ်ခံနိုင်ရန် အထည်ချုပ်လုပ်ငန်းရှင်များ ကိုယ်တိုင် စိတ်ပါဝင်စားစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဘက်များစွာ အကျိုးသက် ရောက်မှုရှိစေမည်ဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းသာမက မည်သည့်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိသောလုပ်သားများနှင့် လုပ်ကိုင်ခြင်းဖြင့် ကုန်ထုတ်စွမ်းအားပိုမိုတိုးတက်စေပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရုံမက အဆင့်မီထုတ်ကုန်များကို သတ် မှတ်ကာလအမီ လုပ်ငန်းအပ်နှံသူထံ ပေးပို့နိုင်ခြင်းကြောင့် ယုံကြည်မှုရလာသည်နှင့်အမျှ အလုပ် အပ်နှံမှုပိုမိုရရှိနိုင်ပြီး စက်ရုံ၊ အလုပ်ရုံ၏ ပုံရိပ်မြင့်မားစေမှုကို များစွာအထောက်အပံ့ဖြစ်စေနိုင် ကြောင်း သိရှိရသည်။

၆။ အထည်ချုပ်လုပ်ငန်းသည် လက်ရှိအခြေအနေတွင် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံသားများကို အလုပ်အကိုင်အခွင့်အလမ်းအများဆုံးဖန်တီးပေးနိုင် ခြင်း၊ နိုင်ငံတော်အတွက် နိုင်ငံခြားငွေအမြောက်အများ ရှာဖွေပေးနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သား အမြောက်အများမွေးထုတ်နိုင်ခြင်းကြောင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအပြင် အလုပ်အပ်နှံ သူများအတွက်ပါ Win-Win-Win ရရှိစေမည်ဖြစ်၍ မြန်မာ့အထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းအပါအဝင် လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း သတင်းရရှိသည်။