ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဇီးချိုင်ကျေးရွာနေ မဟေမာန်ထွန်းသည် တစ်ရွာတည်းနေ အသိမိတ်ဆွေမှ တစ်ဆင့် အလုပ်လုပ်ကိုင်ရန် ဆက်သွယ်ပေးမှုဖြင့် အိုမန်နိုင်ငံ သို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးဆိုးရွားလာမှုကြောင့် မြန်မာနိုင်ငံသို့ ဆေးကုသမှုခံယူရန် ပြန် လိုကြောင်း စကားပြန်အား ညှိနှိုင်းသော်လည်း လျော်ကြေး ငွေကျပ် ၁၂၀ သိန်း ပေးလျော်မှ ပြန်ရမည်ဖြစ်ကြောင်း အခက်အခဲအမျိုးမျိုး ကြုံတွေ့ခဲ့ရပါသည်။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး ရုံးမှ တစ်ဆင့်လုပ်သား မဟေမာန်ထွန်း၏ မိခင်ဖြစ်သူ ဒေါ်သန်းခင်အား မေးမြန်းခဲ့ရာ မည်သည့် အဆက်အသွယ်ဖြင့် သွားရောက်သည်ကို မသိကြောင်း၊ ၎င်းတို့မှာ Viber အဆက်အသွယ်ရှိပြီး သမီးဖြစ်သူ ကျန်းမာရေးကြောင့် ပြန်လာလိုသော်လည်း ငွေပေးလျော်ရန် အခက်အခဲရှိပြီး မြန်မာနိုင်ငံသို့ပြန်ရန် အိုမန်နိုင်ငံအေးဂျင့်မှ ငွေကျပ် ၂၅ သိန်း တောင်းခံ၍ မဟေမာန်ထွန်း၏ အသိမိတ်ဆွေများမှ ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြောင်းသိရှိရပါသည်။
မဟေမာန်ထွန်းသည် ၂၂-၉-၂၀၂၅ ရက်နေ့၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ မဟေမာန်ထွန်း၏ Passport အမျိုးအစားသည် PV ဖြစ်ပြီး အိုမန်နိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်ခဲ့ကြောင်း သိရှိရပါသည်။
အိုမန်နိုင်ငံသို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီများမှ တစ်ဆင့် စေလွှတ်ခြင်း၊ မိမိအစီအစဉ်ဖြင့် သွားရောက်ရန် တင်ပြလာခြင်းတို့ ရှိသော်လည်း အများစုမှာ ပွဲစားများမှတစ်ဆင့် တရားမဝင်သွားရောက်လုပ်ကိုင်ခြင်းကြောင့် လစာအပေါ် ခေါင်းပုံဖြတ် ခံရခြင်း၊ လစာပုံမှန်မပေးခြင်း၊ ကိုယ်ထိလက်ရောက် ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားခြင်းတို့ ကြုံတွေ့ရနိုင်ပြီး သက်ဆိုင်ရာနိုင်ငံ၏ အလုပ်သမားဥပဒေများနှင့် အညီ ရရှိနိုင်မည့်အခွင့်အရေးများ၊ အကာအကွယ်များ ဆုံးရှုံးမည်ဖြစ်ပါသည်။
သို့ပါ၍ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် တရားမဝင် သွားရောက်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါအခွင့်အရေးများ ဆုံးရှုံးခြင်း၊ အဓမ္မခိုင်း စေခံရခြင်း၊ လူကုန်ကူးမှုအန္တရာယ်များ ကြုံတွေ့ရနိုင်ပါကြောင်း ပြည်ပသို့ သွားရောက် လုပ်ကိုင် လိုပါက အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင်လိုင်စင်ရယူထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်စေလိုကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။

