နေပြည်တော် နိုဝင်ဘာ ၃
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ကျင်းပမည့် “အာဆီယံ-တရုတ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ဆောင်မှုဆိုင်ရာဖိုရမ် ၂၀၂၃” အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက် ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အလုပ်သမားနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ တရုတ်နိုင်ငံမှ အာဆီယံသံအမတ်များနှင့် ကောင်စစ်ဝန်များ၊ China-ASEAN Center မှ ခေါင်းဆောင်များ၊ တရုတ်နိုင်ငံ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ခေါင်းဆောင်များ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အစိုးရအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကိုယ်စား ပြည်ထောင်စုဝန်ကြီး က မိန့်ခွန်းပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် ကမ္ဘာလုံး ဆိုင်ရာပေါင်းစည်းလာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ရွှေ့ပြောင်း သွားလာ လုပ်ကိုင်လာမှု၊ ပထဝီအနေအထားပြောင်းလဲလာမှု ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာသော စက်မှုလှိုင်းလုံးများ၏ အဓိက ပဲ့ကိုင်ရှင်များမှာ လူ့စွမ်းအားအရင်းအမြစ်များသာ ဖြစ်ကြောင်း၊
မြန်မာအလုပ်သမားဝန်ကြီးဌာနသည် ဒေသတွင်းနိုင်ငံများနှင့်အညီ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရ၏မူဝါဒထိန်းကျောင်းမှုများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရှင်အဖွဲ့အစည်းများ အပါအဝင် လုပ်ငန်းရှင်များ၏ အရည် အသွေးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမားအဖွဲ့အစည်းများ အပါအဝင် မြန်မာ လုပ်သားထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက်လိုအပ်သည့် လုပ်သားစျေးကွက်အခြေပြု လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ခေတ်ကာလနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံတော်၏ လုပ်ငန်းစဉ်များ၊ မူဝါဒများ အကောင်အထည်ဖော်ရန်နှင့် စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန်အတွက် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မျှော်မှန်းချက်မှာ အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းနှင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ရေး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်း၏ အရေးပါသော အခန်း ကဏ္ဍကို မြန်မာအစိုးရအနေဖြင့် အသိအမှတ်ပြု ဆောင်ရွက်လျက်ရှိကြောင်း၊
တရုတ်နိုင်ငံက လက်ရှိဆောင်ရွက်နေသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာမူဝါဒများသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မူဝါဒများနှင့် တူညီ ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် သက်မွေးပညာနှင့် နည်းပညာလေ့ကျင့် သင်ကြားမှု၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးမှု နှင့် နိုင်ငံအလိုက် အမျိုးသားအရည် အသွေးမူဘောင်သတ်မှတ်မှုကဏ္ဍများ တူညီမှုရှိကြောင်း၊
ဖိုရမ်အခမ်းအနားတက်ရောက်ခြင်းဖြင့် ရရှိလာသည့် အချက်အလက်များကို မူတည်ပြီး တရုတ်နှင့် အာဆီယံနိုင်ငံများ အကြား လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျွမ်းကျင်မှုနည်းစနစ်နှင့် ပတ်သက်သော အတွေ့အကြုံနှင့် နည်းပညာများ ဖလှယ်ခြင်း၊ လေ့ကျင့်ရေးနည်းပြများ အရည်အသွေးပြည့်ဝစေရေးအတွက် သင်တန်းများ ဖွင့်လှစ ပေးခြင်းစီမံကိန်းများကို တရုတ်နိုင်ငံ၏ ဦးဆောင်မှုဖြင့် ရေရှည်လုပ်ငန်းစဉ်များ ပူးပေါင်းဆောင် ရွက်နိုင်မည် ဖြစ်ကြောင်း၊
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပြည်သူများအကြား ကာလကြာရှည် ဆွေမျိုး ပေါက်ဖော်ရင်းနှီးချစ်ကြည်မှု ရှိသည့် နိုင်ငံများဖြစ်ကြပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေ ရင်းချာနိုင်ငံဖြစ်သည့်အတွက် အနာဂတ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် Howard Johnson Hotel အစည်းအဝေးခန်းမ၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဝန်ကြီး Mrs. Baykham Kha Hiya ဦးဆောင်သော အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာနှင့် လာအိုနိုင်ငံသား အလုပ်သမားများအကြား နှစ်နိုင်ငံတည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ အလုပ်အကိုင် အခွင့်အလမ်း များ တရားဝင်ရရှိစေရေး၊ အလုပ်သမား အဝင်/အထွက် စည်းကြပ်နိုင်ရေး နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်ချက်များနှင့်အညီ အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါဖိုရမ်တွင် ပါဝင်သည့် အဓိကဖိုရမ် (၁)ခု၊ ဖိုရမ်ခွဲ (၃)၊ ပြပွဲ (၅)ခုနှင့် အလုပ်အကိုင်ပြပွဲ (၁)ခုတို့တွင် တက်ရောက်လေ့လာခဲ့ပါသည်။
