ရန်ကုန် နိုဝင်ဘာ ၁၅
အလုပ်သမားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ Novotel Hotel ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ UMFCCI နှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ပြပွဲတွင် ပါဝင်ပြသကြသည့် လုပ်ငန်းရှင်များနှင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏ စီးပွားရေးမြှင့်တင်ရေး အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း (MSME) သည် အဓိကကျသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ခဲ့ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး ဆောင်ရွက် ခဲ့ရာ MSME လုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းခန့်သည် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အဓိကထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူသားအရင်းအမြစ်များသည်လည်း အဓိကလိုအပ်ချက် တစ်ခုဖြစ် ကြောင်း၊ လူသားအရင်းအမြစ်လိုအပ်ချက် နှင့်ပတ်သက်၍ အရည်အချင်းပြည့်ဝသည့် လူသားအရင်း အမြစ်များရှိမှ အရည်အသွေးရှိသည့် လုပ်သားအင်အားများ ရရှိနိုင်မည်ဖြစ်သည့်အတွက် လူသား အရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေး အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြား (Working Age)အတွင်း ရောက်ရှိသော လူတိုင်းအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ ရရှိရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ပေးရေး၊ အလုပ်သမားများ၏ ရပိုင်ခွင့်များ ဆောင်ရွက်ပေးရေး အတွက် အလုပ်သမားဥပဒေများကို ကျောထောက်နောက်ခံပြုပြီး ဥပဒေပါ အလုပ်သမားအခွင့် အရေးများ ရရှိခံစားနိုင်စေရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်တွင်းအလုပ်အကိုင် နှင့်ပတ်သက်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေနှင့် ၂၀၁၃ ခုနှစ်၊ အလုပ် အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေတို့နှင့်အညီ အလုပ်လုပ်ကိုင်နိုင်သော အသက် အရွယ်အပိုင်းအခြားသို့ ရောက်ရှိပြီး အလုပ်ရှာဖွေနေသူများအား ၎င်းတို့၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်၍ အလုပ်ရှင်များ၏ လိုအပ်ချက်အရ သင့်လျော်သူများကို ရွေးချယ်ခန့်အပ်နိုင်ရန် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခုတွင် ခရိုင်နှင့်မြို့နယ် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး (၈၉) ရုံး ဖွင့်လှစ်၍ စည်းကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်သမားဥပဒေများနှင့်အညီ သန်စွမ်းသူ၊ မသန်စွမ်းသူ၊ ကျား/မ ခွဲခြားမှု မရှိဘဲ၊ မြို့ပြ ၊ ကျေးလက်မကျန် အလုပ်အကိုင်နေရာချထားရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
စီးပွားရေးလုပ်ငန်းများပြားပြီး အလုပ်အကိုင်အခွင့်အလမ်းများ များပြားသည့် ရန်ကုန်တိုင်း ဒေသကြီးတွင် ပြည်တွင်းကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင် လိုင်စင်ရအေဂျင်စီများ၊ လုပ်ငန်းရှင်များပါဝင်ပြီး အလုပ်သမားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရတို့ ပူးပေါင်း၍ ယနေ့ Yangon Digital Job Fair ကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် အလုပ်လိုချင်သူများနှင့် အလုပ်သမား လိုအပ်သည့် အလုပ်ရှင်တို့သည် တစ်ချိန်တည်း တစ်နေရာတည်းတွင် တွေ့ဆုံ၍ One Stop Service ဖြင့် လိုအပ်သော အလုပ်အကိုင်ရရှိရေးနှင့် အလုပ်သမားရရှိရေးတို့အတွက် ရွေးချယ် ဆောင်ရွက်နိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ကျင်းပနိုင်ရေးကို အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊
အလုပ်ရှာဖွေသူများနှင့် အလုပ်သမားလိုအပ်သော အလုပ်ရှင်များကို တစ်နေရာတည်း၌ တွေ့ဆုံ၍ အချိန်ကုန်၊ ငွေကုန်သက်သာစွာနှင့် One Stop Service ဖြင့် အလုပ်အကိုင်များ ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ကျင်းပလိုသော အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီများနှင့် ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းများပြားသော ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ များကို ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ၆၈ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊
ယခု အလုပ်အကိုင်ပြပွဲတွင် အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များအတွက် သင့်လျော်သော အလုပ်အကိုင်နှင့် အလုပ်သမားများကို ရွေးချယ်နိုင်ပြီး အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် အလုပ်လုပ် နိုင်သော အသက်အပိုင်းအခြား (Working Age) အတွင်း ရောက်ရှိနေကြသော လူတိုင်းအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး၊ အလုပ်သမား များ၏ ရပိုင်ခွင့်အတွက် အခွင့်အရေးများ ကာကွယ်ပေးရေး၊ စဉ်ဆက်မပြတ် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလုပ်သမားဥပဒေများကို ကျောထောက်နောက်ခံပြုပြီး ဥပဒေပါ အလုပ်သမားအခွင့်အရေးများကို ရရှိခံစားနိုင်စေရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (၁၇) ရုံး ဖွင့်လှစ်လျက် အလုပ်ရှာဖွေလိုသူ အလုပ်သမားများအား မှတ်ပုံတင်ပေးခြင်း၊ အလုပ်သမားလိုအပ် သည့် အလုပ်ရှင်များထံမှ အမှာစာများလက်ခံခြင်း၊ အမှာစာအရကိုက်ညီသော အလုပ်သမားများ စုဆောင်းပေးပို့ခြင်း၊ ရွေးချယ်သူများအား အလုပ်ခန့်ထားရေး ဆောင်ရွက်ပေးခြင်းစသည့် အလုပ် အကိုင်များရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိစေရန် ရန်ကုန်တိုင်းဒေသကြီး ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲ၍ ကျွမ်းကျင်မှုသင်တန်းများ ကျင်းပပြုလုပ်ပေးခဲ့ရာ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လေအေးပေးစက် တပ်ဆင်/ ပြုပြင် သင်တန်း(၃)ကြိမ် ၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်း(၂) ကြိမ်၊ ဂဟေဆက်သင်တန်း(၂) ကြိမ်၊ စုစုပေါင်း သင်တန်း (၇) ကြိမ်ဖွင့်လှစ်ပြီး ကျွမ်းကျင်လုပ်သား (၁၇၉) ဦး မွေးထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အလုပ်လာရောက် လျှောက်ထားသူများ၊ ပြပွဲတွင် ပါဝင်ပြသသော ကုမ္ပဏီများ၊ လုပ်ငန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ပြပွဲတွင် ကုမ္ပဏီ (၁၈)ခုနှင့် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအကျိုး ဆောင်လိုင်စင်ရအေဂျင်စီ (၁၁) ခုတို့က ပြခန်းစုစုပေါင်း (၃၈) ခန်းဖြင့် ပါဝင်ပြသခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့်တာဝန်ရှိသူများသည် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)သို့ သွားရောက်၍ သင်တန်းကျောင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်းဖွင့်လှစ်သော ဂဟေဆက်သင်တန်းအမှတ်စဉ် (၃/၂၀၂၂) နှင့် လေအေးပေးစက် တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း အမှတ်စဉ်(၃/၂၀၂၂) ဖွင့်လှစ်ပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
သင်တန်းပို့ချသည့် စာသင်ခန်းများ၊ Workshop များ၊ သင်ထောက်ကူပစ္စည်းများ၊ စက်ပစ္စည်းများနှင့် လက်သုံးပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းများနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သင်တန်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ရာ သင်တန်းကျောင်း တာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက လူငယ်လူရွယ်များအတွက် ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် ရရှိစေရန်၊ ကျွမ်းကျင်မှုသင်တန်းများကို အရည်အသွေးပြည့်ဝစွာဖြင့် ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နိုင်ရန်၊ ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(မြောက်ဒဂုံ)သို့ သွားရောက်၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေး အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုမှုများနှင့် ပြည်ပအလုပ်အကိုင်အလုပ် သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးနေမှု အခြေအနေများ၊ EPS စနစ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ စာမေးပွဲမှတ်ပုံတင်ကြေး ပေးသွင်းမှုလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းကျောင်းတာဝန်ခံက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
