အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                        ဇွန် ၂၃

အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွဲ့၏ လုပ်ငန်းတာဝန်များဖြစ်သော ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အလုပ်လုပ်ကိုင်လိုသူများအား အလုပ်အကိုင် ရရှိစေခြင်း၊ အလုပ်လက်မဲ့များ နည်းပါးစေရန် ဆောင်ရွက်ခြင်း၊ အလုပ်လုပ်ကိုင်နေသူများ၏ စည်းကမ်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ရာတွင် အစိုးရဝန်ကြီးဌာနများ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းများမှ အလုပ်ခေါ်စာများ ရရှိမှသာ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ် လုပ်ကိုင်နိုင်စွမ်းပေါ်မူတည်၍ အလုပ်ရှင်များ၏ အလုပ်သမားလိုအပ်ချက်နှင့် ကိုက်ညီသည့် အလုပ်သမားများကို ရွေးချယ်ခန့်အပ်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ခရိုင်/ မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ၉၀ ရုံး ဖွင့်လှစ်၍ အလုပ်အကိုင် ရှာဖွေသူများအား အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ခေါ်စာ များအား ကြော်ငြာသင်ပုန်းကပ်၍ ကြေညာခြင်း၊ သတင်းစာထည့်သွင်းခြင်းအတွက် ထောက်ခံချက် ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် အလုပ်ခေါ်စာပါ လိုအပ်ချက်နှင့် သင့်တော်သော အလုပ် သမားများစာရင်းအား အလုပ်ရှင်ထံ ပေးပို့၍ အလုပ်ရှင်များ လိုအပ်သော လုပ်သားရရှိရေးနှင့် အလုပ် ရှာဖွေသူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့်ကိုက်ညီသော အလုပ်အကိုင်ရရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

အလုပ်သမားများ၏ အခွင့်အရေးများ၊ အကျိုးခံစားခွင့်များ အပြည့်အဝရရှိရေးအတွက် အလုပ်ရှင်များက ရွေးချယ်ခန့်ထားပြီးသော အလုပ်သမားများအတွက် အလုပ်ခန့်ထားရေးကတ်ပြား ထုတ်ပေးခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (Employment Contract-EC) ချုပ်ဆိုပေးခြင်းစသည့် ဥပဒေပါ အကျိုးခံစားခွင့်များရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံအတွင်းရှိ အလုပ်အကိုင်များကို စနစ်တကျ ခွဲခြားသတ်မှတ်နိုင်ရန်၊ လုပ်သား ဈေးကွက်သတင်းအချက်အလက်များကို စနစ်တကျ စုဆောင်းအသုံးချနိုင်စေရန်၊ အလုပ်အကိုင်မူဝါဒ များနှင့် စီမံကိန်းများချမှတ်ရာတွင် အထောက်အကူပြုစေရန်နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်အကိုင် စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် မြန်မာနိုင်ငံ၏ အလုပ်အကိုင်အမည်နှင့် အလုပ်ညွှန်းအမှတ်များကို လက်ရှိမြန်မာလုပ်သားဈေးကွက်တွင် ပေါ်ပေါက်လျက်ရှိသည့် အလုပ်အကိုင်အမျိုးအစားအသစ် များနှင့် မူရင်းအလုပ်အကိုင်များမှ တိုးပွားလာသော အလုပ်အကိုင်များအတွက် အလုပ်ညွှန်းအမှတ် များကို ထပ်မံထည့်သွင်း၍ အပြည်ပြည်ဆိုင်ရာ အလုပ်အကိုင်အမျိုးအစားခွဲခြားခြင်း စံချိန်စံညွှန်း (International Standard Classification of Occupations – ISCO)နှင့်အညီ ပြုစုထုတ်ပြန်နိုင်ရေး လိုအပ်လျက်ရှိပါကြောင်း၊

အလုပ်အကိုင်အမျိုးအစားခွဲခြားမှုစနစ်တစ်ရပ်ထားရှိနိုင်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပညာရေးအဖွဲ့အစည်းများအကြား အချက်အလက်များကို တူညီသော စံနှုန်းများဖြင့် မျှဝေနိုင်စေရန် အထောက်အကူပြုမည်ဖြစ်ပြီး လုပ်သားဈေးကွက်နှင့် သက်ဆိုင်သော သုတေသနလုပ်ငန်းများ၊ စီမံကိန်းရေးဆွဲမှုများနှင့် မူဝါဒချမှတ်မှုများတွင်လည်း အရေးပါသော အခြေခံအချက်အလက်အဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အထောက်အပံ့ဖြစ်စေပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအ‌ဝေးသို့ တက်ရောက်လာသူများက ဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။