အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်
မေ ၂၀။

          အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာချာလီသန်း၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာညွန့်ဖေ၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဒုတိယဝန်ကြီးများဖြစ် ကြသော ဗိုလ်ချုပ် ဖြိုးသန့်၊ ဦးအောင်ကျော်ထွန်း၊ ဦးဝင်းရှိန် တို့တက်ရောက်ကြပြီး Online မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ အလုပ်သမားရေးရာဆိုင်ရာဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

          ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင်  ၁၇-၈-၂၀၂၁ ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် နိုင်ငံ တော်ဝန်ကြီးချုပ်က “ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ရုံးစိုက်ရာဒေသဖြစ်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေး ဆောင်ရွက်ရန်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်” နှင့် “စက်မှုဇုန် များစံပြဖြစ်စေရေးအတွက် Skilled Labour များအား အဆင့်အလိုက် Certificate ထုတ်ပေး နိုင်ရေးဆောင်ရွက်ရန်၊ စက်ရုံအားလုံးမှတ်ပုံတင်နိုင်ရန်နှင့် SME လုပ်ငန်းများ စနစ်တကျရှိ စေရေး စီမံဆောင်ရွက်ရန်” လမ်းညွှန်ခဲ့သည့်အတွက် မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင် နိုင်သည့် အသက်အရွယ်ရှိ အလုပ်အကိုင်ရှာဖွေနေသူများအား အသက်အရွယ်နှင့် သင့်လျော်သော အလုပ်အကိုင်ရွေးချယ်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင်တည်မြဲရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးတို့တွင် ကူညီရန်၊ လုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်သည့် အလုပ်သမားရရှိရေး အတွက် အလုပ်ရှင်များအား ကူညီရန်၊ လွယ်ကူသော အလုပ်အကိုင်အခွင့်အလမ်းများနှင့် လုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊

          ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် “ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ် နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူသည့် ဦးတည်ချက်အရ ကုန်ထုတ်လုပ်မှုတိုးတက်၍ နိုင်ငံတော်၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရန်သာမက အလုပ် သမားများ အလုပ်အကိုင်ရရှိရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာရေးနှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း အလေးထားဖော်ဆောင်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် အလုပ် လုပ်နိုင်သည့် လူဦးရေအများဆုံးနိုင်ငံ၌ ပါဝင်ကြောင်းတွေ့ရှိရပြီး အလုပ်လုပ်နိုင်သူ လူဦးရေ ပေါများခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေးတို့အတွက် လူ့စွမ်းအား အရင်းအမြစ် အခြေခံကောင်းရှိနေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ လုပ်သားအင်အား ပေါများသည့် နိုင်ငံအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ နိုင်ငံသားများ၏ စိတ်ဓာတ်၊ ယုံကြည်ချက်၊ ခံယူချက်နှင့် အတွေ့အခေါ် ကောင်းမွန်မှန်ကန်ရေး၊ အလုပ်ကို တန်ဖိုး ထားစိတ်ရှိရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ အသိပညာ အတတ်ပညာများ အဆင့်မီမီ တတ်မြောက်နိုင်ရေးစသည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ ပြည့်ဝ စေရန် နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများတိုမှ ပူးပေါင်းညီညာ ဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည့်ဟု ပြောကြားခဲ့ပါကြောင်း၊

          အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်ရေး၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည်ထက်မြက်သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက် မပြတ် ပေါ်ထွန်းလာစေရေး၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာလုပ်သားထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ညီညွတ်ကာ သင့်တော်ကောင်းမွန်သော လုပ်ငန်းခွင်များ ဖန်တီး ပေးနိုင်ရေးစသည့် ရည်မှန်းချက်တာဝန်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊  

          လုပ်သားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုစစ် ဆေးအကဲဖြတ်ပြီး အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိက ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) တွင် အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊   

ထို့နောက်  အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအ‌နေများနှင့် တွဲဖက်အတွင်းရေးမှူး အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆုံးဖြတ်ချက်ရန်အချက်များနှင့် မှတ်တမ်း တင်ရန်အချက်များကို တင်ပြဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က  Test Item Database တည်ထောင် ထားရှိမှုနှင့် ကုန်ကျစရိတ်များကို နိုင်ငံတော်ဘက်ဂျက်မှ ပုံမှန်ကျခံ သုံးစွဲခွင့်ပြုရေးနှင့်ပတ်သက် ၍လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က စံချိန်စံညွှန်း သတ်မှတ်ရေးအတွက် နိုင်ငံတကာ စံချိန်စံညွှန်များကို ရယူသင့်ကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ ကျန်းမားရေးဝန်ကြီးဌာန၊ ဒေါက်တာသက်ခိုင်ဝင်း က နည်းဥပဒေကို အမြန်ဆုံးရေးဆွဲ၍ အကောင်အထည်အဖော် ဆောင်ရွက်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးအတွက် လုပ်သားတစ်ဦးချင်း ကုန်ကျစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲနိုင်ရေး လုပ်သား(၁)ဦး ကုန်ကျစရိတ်များကို စိစစ်အတည်ပြု၍ စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က လုပ်သားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေထူ ထောင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးအောင်ကျော်ထွန်း က လုပ်သား (၁)ဦး ကျွမ်းကျင်မှုအဆင့်-၁ စစ်ဆေးအကဲဖြတ် ရာတွင် လိုအပ်သည့်ပစ္စည်းဝယ်ယူရန် ကုန်ကျစရိတ်များနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြပြီး ဒုတိယဥက္ကဋ္ဌ (၁) စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အမြန်ဆုံးရေးဆွဲရေးအတွက် ကျွမ်းကျင်သူများပါဝင်ရေး၊ အလုပ်ရှင်များ ထည့်ဝင်ကြေးနှင့် ပတ်သက်၍လည်းကောင်း Skills Development နှင့်ပတ်သက်ပြီး နိုင်ငံတကာ စံချိန်းစံညွှန်းများ၊ လုပ်နည်းလုပ်ဟန်များကိုအခြေခံ၍ ရေးဆွဲရေးနှင့်ပတ်သက်၍လည်းကောင်း သုံးသပ်ပြောကြားခဲ့သည်။

Online မှ တက်ရောက်ကြလာသည့်  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက်အထွေထွေအတွင်း ရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးစိုးမင်းအောင် နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးရန်ဝင်းတို့မှ ဆုံးဖြတ်ရန် အချက်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။  

ဆက်လက်၍ အစည်းအဝေးတွင် မှတ်တမ်းတင်ရန်အချက်များ အတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပြီး အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် အကြံဉာဏ်ကောင်းများ ဖော်ထုတ်ပေးခြင်း၊ နည်းပညာပေးခြင်း၊ ဆွေးနွေးပေးခြင်းတို့ အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား၍ ရှေ့လုပ်ငန်းစဉ်များအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်