နေပြည်တော် အောက်တိုဘာ ၂၁
၂၁-၁၀-၂၀၂၄ ရက်နေ့ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Crowne Plaza ဟိုတယ် တွင်ကျင်းပသည့် လာအို-မြန်မာ နှစ်နိုင်ငံအကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးသို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အလုပ်သမားရေးရာ ဆက်ဆံရေး ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အလုပ်သမားနှင့် လူမှု ဝန်ထမ်း ဝန်ကြီးဌာန ဝန်ကြီး H.E. Mdm. Baykham KHATTIYA နှင့်တာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံသည် ချစ်ကြည် ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံ များအဖြစ် ရှေးယခင်ကတည်းကပင် ရင်းနှီးချစ်ကြည်မှုနှင့်အတူ ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ လာအိုနိုင်ငံ၏အစိုးရ အဆက်ဆက် တာဝန်ရှိသူများက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြပြီး မိမိတို့နှစ်နိုင်ငံ ကောင်းမွန်သည့် ဆက်ဆံရေးကို ရေရှည်ထာဝရတည်တံ့ ခိုင်မြဲစေရန် ဆက်လက် ထိန်းသိမ်းနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊
ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံတစ်နိုင်ငံ၏ လုပ်အားသယံဇာတဖြစ်ပြီး မူရင်းနိုင်ငံ နှင့် လက်ခံသည့်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပါဝင်ဆောင်ရွက် နေကြသူများလည်းဖြစ်ကြောင်း၊
အလုပ်သမားများကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်နေရာချထားရေး၊ လူမှုဖူလုံ ရေး၊ အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များတွင် အထူးသဖြင့် အလုပ်သမား ရေးရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများဖြစ်ပေါ်စေမည့် အခြေခံကျသော အလုပ်သမားရေးရာ အခြေခံမူများနှင့် အလေ့အထများချမှတ်သွားရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
အစီအစဉ်အရ “မြန်မာ့အလုပ်သမားရေးရာနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အခြေအနေ များကို မျှဝေခြင်း” ကဏ္ဍပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များပြုလုပ်ရာတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကဏ္ဍ တိုးတက်ရေး ဆောင်ရွက်ရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေးကို ဖြစ်ထွန်းနိုင်စေမည့် လူ့အရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာအသက်မွေး ဝမ်းကျောင်း ပညာရပ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ ပြည်တွင်းနိုင်ငံသားများနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိ လာတဲ့ မြန်မာနိုင်ငံသား များအားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရန်နှင့် အလုပ်အကိုင် အခွင့် အလမ်းမြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတိုအတွင်း ပိုမိုဦးစားပေးဆောင်ရွက် ရန် စီးပွားရေးမူဝါဒ ချမှတ်ထား ပါကြောင်း။
စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် နိုင်ငံတော်၏ အဓိကစီးပွားရေးကဏ္ဍများဖြစ်ပြီး ယင်းကဏ္ဍများမြှင့်တင်၍ နိုင်ငံ့စီးပွားရေးမြင့်မားရန် နိုင်ငံတော်၏ ဦးတည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များတွင် ထည့်သွင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း။
ပြည်ပနိုင်ငံများသို့အလုပ်သမားများ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် စနစ်တကျရှိ စေရေး၊ ဥပဒေနှင့် အညီဖြစ်စေရေး တို့အတွက် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ခေတ်စနစ်နဲ့အညီ ပြင်ဆင်သည့် ဥပဒေ အတည်ပြုပြဋ္ဌာန်းရေး ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာအလုပ်သမားများ ပြည်ပသို့ စေလွှတ်ခြင်းကို စီမံခန့်ခွဲနိုင်ရေး ဆက်စပ် ဝန်ကြီးဌာန များ ပါဝင်သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီကို ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး အလားတူ ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံက ၂၀၁၂ ခုနှစ်တွင် IOM ၏ အဖွဲ့ဝင်ဖြစ်လာကာ နားလည်မှု စာချွန်လွှာ ရေးထိုးပြီး နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ၅ နှစ်တာ လုပ်ငန်း စီမံချက်ကို ပထမအကြိမ် နှင့် ဒုတိယအကြိမ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြောင်း။
ပြည်ပမှာရှိ မြန်မာအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးရန် အလုပ်သမားသံအရာရှိ များကို ကိုရီးယား၊ ထိုင်း၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတို့တွင် ခန့်အပ် တာဝန်ပေးထားပြီး သံအရာရှိ မရှိသည့် နိုင်ငံများတွင် မြန်မာသံရုံးများ နှင့် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်းပြောကြား ခဲ့သည် ။
ဆက်လက်၍ အနာဂတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်း ကဏ္ဍတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များပါဝင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အလုပ်သမားနှင့်လူမှုဝန်ထမ်း ဝန်ကြီး ဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အလုပ်သမားဝန်ကြီးဌာနတို့အကြား နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နှစ်နိုင်ငံ ဝန်ကြီးအဆင့် အစည်း အဝေးမှတ်တမ်း လက်မှတ်ရေးထိုးခဲ့ကြကြောင်းသတင်းရရှိသည်။
