နေပြည်တော်၊ ၇-၁၂-၂၀၁၈
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၁၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၇-၁၂-၂၀၁၈ ရက်နေ့၊ နံနက် ၀၉:၃၀ အချိန်တွင် အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေနှင့်အတူ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်မိမိအနေဖြင့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်စဉ်မှ ယခုအချိန်အထိ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁,၀၉၉,၅၈၆ ဦးကိုမည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးခဲ့နိုင်ပြီး ထိုသို့ ထုတ်ပေးရာမှာအလုပ်သမားများ၏ကိုယ်ရေးအချက်အလက်များကို Bio Matrix နည်းပညာဖြင့် မျက်စိသူငယ်အိမ် scan ဖတ်ခြင်း၊ လက်ဆယ်ချောင်းလက်ဗွေရယူပြီး နေပြည်တော်ရှိ National Data Center မှာထိန်းသိမ်းထားရှိခြင်းကြောင့် နောင်တွင် အခြားဌာနများမှလိုအပ်၍ တောင်းခံလာပါက မိမိတို့ဘက်မှ မျှဝေပေးနိုင်မှာဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် ခရီးသွားများ၊အလုပ်သမားများကိုပါ Bio Matrix နည်းပညာနှင့် အချက်အလက် များကောက်ယူခဲ့သည့်အတွက် ၂-၁၂-၂၀၁၈ ထိ CI အပါအဝင် စုစုပေါင်း အလုပ်သမား ၁,၂၆၅,၆၈၈ ဦးရယူခဲ့ပြီးဖြစ်ပါကြောင်း။
ထိုင်းနိုင်ငံသို့ MoUစနစ်ဖြင့် မြန်မာအလုပ်သမားများတရားဝင်စေလွှတ်ခြင်း လုပ်ငန်းစဉ် များကို ၂၀၁၀ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်တွင် အလုပ်သမားများအနေဖြင့် ဥပဒေပါ အခွင့်အရေးများနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများ ခံစားနိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို အားလုံးအသိပဲဖြစ်ပါကြောင်း၊ မြန်မာ – ထိုင်းနှစ်နိုင်ငံ နယ်စပ်ထိစပ်မှုမှာရှည်လျားခြင်းကြောင့် နယ်စပ်ဖြတ်ကျော် သွားရောက် လုပ်ကိုင်နေသူများ အတွက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်နှင့် အတူခေါင်းပုံဖြတ်အမြတ်ထုတ်မှုမခံရစေရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ မြန်မာရေလုပ်သားအများစုတွင် ထိုင်းနိုင်ငံရှိရေလုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်သူ ၃၀,၀၀၀ ကျော်ခန့်ရှိသည်ကို ထိုင်းနိုင်ငံမှ ပေးပို့လာသည့် စာရင်းများအရသိရှိရပြီး၊ မြန်မာ – ထိုင်းနှစ်နိုင်ငံ အလုပ်သမားရေးရာကျွမ်းကျင်သူများညှိနှိုင်းအစည်းအဝေးတွင် ထိုင်းနိုင်ငံရှိရေလုပ်ငန်းများ၌ ရေလုပ်သားလေးသောင်းကျော်ခန့်လိုအပ်လျက်ရှိရာ ထိုင်းနိုင်ငံမှ MoU စနစ်ဖြင့် ခေါ်ယူလို ပါကြောင်း။
ထိုင်းနိုင်ငံတွင်လုပ်ကိုင်နေသည့်အထောက်အထားမဲ့ မြန်မာရေလုပ်သားများ၊ ယာယီနိုင်ငံ ကူးလက်မှတ်သက်တမ်း(သို့မဟုတ်)မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(Certificate of Identity – CI) သက်တမ်းကုန်ဆုံးတော့မည့် မြန်မာရေလုပ်သားများနှင့် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကုန်ဆုံးတော့မည့် မြန်မာရေလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း ဆက်လက် လုပ်ကိုင်လိုပါက MoUစနစ်ဖြင့်သာ ပြန်လည်ဝင်ရောက် လုပ်ကိုင်ရမည်ဖြစ်၍ MoUစနစ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်နိုင်ရန် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့်အပြင် မြန်မာ ရေလုပ်သားအများဆုံးရှိသည့် ကော့သောင်းမြို့၌ ၂၆-၁၁-၂၀၁၈ရက်နေ့တွင် ရွှေ့ပြောင်းအလုပ် သမားရုံး ဖွင့်လှစ်၍ One Stop Service ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိရာ ထိုင်းနိုင်ငံဘက်ကနေအလုပ်ခေါ်စာရရှိသည်နှင့် စိစစ်ပြီး မြန်မာရေလုပ်သားများ စေလွှတ်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း။
မြန်မာရေလုပ်သားများကို တရားဝင်စေလွှတ်မှသာလျှင် ပိုမိုကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်၍ ထိုင်းနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင်ရေလုပ်သားများလိုအပ်နေချိန်ဖြစ်၍ ယခင်ရောက်ရှိ နေသည့်တရားမဝင်ရေလုပ်သားများကို တရားဝင်ဖြစ်စေပြီး ဥပဒေပါရပိုင်ခွင့်များရရှိခံစားနိုင်မှာ ဖြစ်ပါကြောင်း၊ထို့အပြင်ကိုရီးယားသမ္မတနိုင်ငံရှိငါးဖမ်းသင်္ဘောများတွင် မြန်မာရေလုပ်သားများ ကိုအတွက်ကိုလည်းဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျှက်ရှိပြီး အဆိုပါရေလုပ်သားများအား သင်တန်းပို့ချစေလွှတ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ မှ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏လုပ်ငန်းစဉ်များအလိုက် ရွှေ့ပြောင်းအလုပ်သမားများအားကာကွယ်စောင့်ရှောက် ပေးမှုအခြေအနေများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ငွေကြေးများအား မြန်မာနိုင်ငံသို့ပြန်လည် လွဲပို့ပေးနိုင်မည့် အခြေအနေများ၊ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသည့် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများသူများအားကြိုဆိုလက်ခံရေးဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ အားဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီးအစည်းအဝေးကို ၁၁:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာမလေးရှားနိုင်ငံသံအမတ်ကြီး H.E Mr.Zahairi Baharim ဦးဆောင်သည့် အဖွဲ့အား နေ့လည် ၁၄၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ ဝန်ကြီး၏ဧည့်ခန်းမတွင်လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး နှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် နှင့် တာဝန် ရှိသူများတက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံအလုပ်သမားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏(၁/၂၀၁၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှအဖွင့်အမှာစကားပြောကြားစဉ်
ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာမလေးရှားနိုင်ငံ သံအမတ်ကြီး H.E Mr.Zahairi Baharim နှင့် အဖွဲ့အား လက်ခံတွေဆုံစဉ်