အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊စက်တင်ဘာလ ၂၄ ရက်
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားပြီး အစည်းအဝေးသို့ ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးဌာနများမှ အဖွဲ့ဝင်များ တက်ရောက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လုပ်ငန်းကော်မတီဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် အလုပ်သမားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံကလေး အလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၈ ခုနှစ်တွင် အဖွဲ့ဝင် ၃၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ(၈)ရပ် ဖွဲ့စည်းကာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့်လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ကို သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ညှိနှိုင်းအစည်းအဝေးများ ၃ ကြိမ် ကျင်းပခဲ့ပြီး အသေးစိတ်လုပ်ငန်းစီမံချက် ရေးဆွဲဖြန့်ဝေ၍ အမျိုးသား ကော်မတီ၏ အတည်ပြုချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော် တာဝန်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စတင်တာဝန်ယူသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးကိစ္စများကို အရှိန်အဟုန်မပျက် ထိရောက် စွာ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ အဖွဲ့ဝင် ၃၉ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ (၈)ရပ် ဖွဲ့စည်းမှုအတွက် အတည်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန ၉ ခု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ နေပြည်တော်/ ရန်ကုန်/ မန္တလေး စည်ပင်သာယာရေးကော်မတီများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီများမှ ကိုယ်စားလှယ်များနှင့် စုစုပေါင်းအဖွဲ့ဝင် ၃၅ ဦးဖြင့် လုပ်ငန်းတာဝန် ၁၆ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့်လုပ်ငန်း စီမံချက် ရည်မှန်းချက် ၃ ရပ်တွင် “အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ် အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်”ဟူ၍ ပါဝင်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့် အမျိုးသား အဆင့် လုပ်ငန်းစီမံချက်၏ ပထမ ၅ နှစ် စီမံချက် (၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ)တွင် “အရည် အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သောအလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာ လုပ်ငန်းများအတွက် ထိရောက်သင့်လျော်သော ဘတ်ဂျက်ငွေ တင်ပြအသုံးပြုခြင်း၊ အသေးစားနှင့်အလတ်စား လုပ်ငန်းဈေးကွက်များ မြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ် အကိုင်ပေးလိုသောဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း”တို့ကို တာဝန်ခံ၍ တာဝန်ယူ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့် အစိုးရအဖွဲ့ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လင်းလာရေး လူသုံးကုန်ထုတ်လုပ်သည့် စက်မှုလက်မှုလုပ်ငန်းများ ဖန်တီးဖော်ဆောင်ပေးရန်နှင့် တိုင်းရင်းသားများ၏ SME လုပ်ငန်းများကို အားပေးမြှင့်တင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက်(MERP)အရ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် နေထိုင်မှု ပုံစံ အသစ်အရ Online ပိုမိုသုံးစွဲလာပြီး Online Shopping များ ပိုမိုတွင်ကျယ်လာသဖြင့် အသေးစား/ အငယ်စား/အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ထုတ်လုပ်မှုကဏ္ဍတွင် Digital စနစ် အသုံးပြု၍ အသွင်ကူးပြောင်းနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေး လုပ်ငန်း ကော်မတီ ဝင်များက ခေတ်နှင့်အညီ အကောင်အထည်ဖော် လုပ်ဆောင်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ လုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ တတိယအကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းကော်မတီဝင်များ၏ ဆောင်ရွက် ပြီးစီးမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအလိုက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget (၆)လတာ ဘဏ္ဍာငွေလျာထားမှုများ၊ ကော်မတီမှ ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
အစီအစဉ်အရ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက ဝန်ကြီးဌာန တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ အကောင် အထည်ဖော် ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြခဲ့ကြပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ လုပ်ငန်းအစီအစဉ်များကို ကော်မတီဝင်များမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် ဘဏ္ဍာရေးနှစ်တွင် ထိရောက်စွာ ပူးပေါင်းညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန် နှင့် တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။