အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ဩဂုတ်လ ၂၈ ရက်

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၈-၈-၂၀၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Handa (Yangon) Garment Co., Ltd (အားကစားဝတ်စုံချုပ်လုပ်ငန်း) သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စက်ရုံ၊ အလုပ်ရုံများ ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှ တာဝန်ရှိသူများက စက်ရုံများ၏ ကုန်ထုတ် လုပ်မှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာနှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ၏ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အနက် ဒုတိယအချက်တွင် “လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ လည်းကောင်း၊ တတိယအချက်တွင် “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်” ဟူ၍လည်းကောင်း ချမှတ်ပါရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရေးအတွက် တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် (၆) ကြိမ်တိုင်တိုင် သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဒုတိယအကြိမ်မြောက် အများ ပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်ကြေညာခဲ့သည့်အချိန်မှစ၍ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ အသိပေးကြေညာချက်တွင် “ကုန်ထုတ်စွမ်းအား မကျဆင်းစေရေးအတွက် အလုပ်သမားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စက်ရုံ၊ အလုပ်ရုံ များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ရန်” ဟုဖော်ပြပါရှိသဖြင့် အလုပ်သမားဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီ၊ သက်ဆိုင် ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များနှင့်ညှိနှိုင်း၍ စက်ရုံ၊ အလုပ်ရုံများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကြီးကြပ်ကွပ်ကဲမှုများပြုလုပ်ပြီး ဖွင့်လှစ်ဆောင်ရွက် စေလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်ရပါက အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ် စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်း စေနိုင်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန် စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်း စွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးတို့မှ ဖြည့်စွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လလယ်အထိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် လိုက်နာဆောင်ရွက်စေရန် အလုပ်သမားဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့၏ ကြီးကြပ် ကွပ်ကဲမှု ဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ (၄,၀၃၀)၊ အလုပ်ဌာန (၂,၃၁၈)၊ ပေါင်း (၆,၃၄၈) ဌာနအား ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ၁၉-၁၀-၂၀၂၀ ရက်နေ့မှစ၍ Zoom Application အသုံးပြု၍ Online Inspection ပြုလုပ်မှုကို လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသော စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း (၂၀၆) ရုံအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များဖြင့် စစ်ဆေးမှုများ ပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။