မြိတ်၊ ဧပြီ ၃၀ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ၂၉-၄-၂၀၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ ရောက်ရှိပြီး ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ဌာနများ ၏ လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်ဌာနဖြစ်၍ ဆက်ဆံရေးကောင်းမွန်ဖို့ အရေးကြီးပါကြောင်း၊ ဝန်ထမ်းများလုပ်ငန်း တာဝန်ထမ်းဆောင်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စေတနာထား ဆောင်ရွက်ရန်လိုကြောင်း၊ ကြိုးနီစံနစ်များ၊ အဂတိလိုက်စားမှုများ ပပျောက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငနး်စဉ်များတွင် ဝန်ထမ်းအားလုံးပါဝင်လာရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက် ရာတွင် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်နှင့် လုပ်ထုံးလုပ်နည်းအညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဌာနအားလုံးတိုးတက်ပြီး အရည်အချင်းပြည့်ဝအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မိမိတာဝန်ကျရာ နယ်မြေအတွင်း၌ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာနေထိုင်ပြီး တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့ဆိပ်ကမ်းရှိ ဝန်ထမ်းများ၊ စက်မှုဇုန်ရှိ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရပါသည်။


