အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဒီဇင်ဘာလ ၁၁ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr. Lee Sang-hwa ဦးဆောင်သော အဖွဲ့အား ယနေ့ နေ့လည် ၁၄:၀၀နာရီအချိန်တွင် Video Conferencing ဖြင့် အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် အလုပ်သမားစေလွှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းတိုးမြှင့်လက်မှတ်ရေးထိုးနိုင်ရေး ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမား ဝန်ကြီးဌာနမှ ပေးပို့လာသည့် MOU (မူကြမ်း)နှင့် စပ်လျဉ်း၍ မြန်မာဘက်မှ ပြင်ဆင်ဖြည့်စွက် လိုသည့်အချက်များကို ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့်အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ ထားမှုအပေါ် အမြန်ဆုံး အကြောင်းပြန်ကြားပေးရေးကိစ္စရပ်များ၊ နှစ်ဘက် ညှိနှိုင်းအတည်ပြုချက် ရရှိပါက သက်ဆိုင်ရာဌာန၊ ကော်မတီများနှင့်ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောထားမှတ်ချက်နှင့် ခွင့်ပြုချက်များရရှိရေးဆက်လက် ဆောင်ရွက်သွားမည်အစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊

COVID-19 ကူးစက်ရောဂါကာလအတွင်း မြန်မာနိုင်ငံမှ အလုပ်သမားများစေလွှတ်မှု အခြေ အနေများနှင့် ပတ်သက်၍  နားလည်မှုစာချွန်လွှာအရ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်မှတစ်ဆင့် EPS စနစ်ဖြင့် လုပ်သားစေလွှတ်ခြင်းကို ၂၀၁၁ ခုနှစ်တွင်စတင်ခဲ့ရာ ယနေ့အထိစုစုပေါင်းလုပ်သား (၄၁,၅၃၈)ဦးစေလွှတ်ခဲ့ပြီး ယခုအခါ ကမ္ဘာနှင့်အဝှမ်း COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသဖြင့် လုပ်သားစေလွှတ်ခြင်း လုပ်ငန်းစဉ်များကို ၁၈-၃-၂၀၂၀ ရက်နေ့မှ စတင်၍ လုပ်သားစေလွှတ်ခြင်း ကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ၂-၉-၂၀၂၀ ရက်နေ့မှစ၍ Re-entry လုပ်သားများကို ကျန်းမာရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်စေလွှတ်ခဲ့ရာ ၂၅-၁၁-၂၀၂၀ ရက်နေ့အထိ Re-entry လုပ်သား (၁၉၅)ဦးကို စေလွှတ်သည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ Re-entry လုပ်သားလက်ခံမှုကို ကိုရီးယားနိုင်ငံဘက်မှယာယီရပ်ဆိုင်းခဲ့သဖြင့် ထွက်ခွာရန်စောင့်ဆိုင်း နေသည့် Re-entry လုပ်သား အများအပြားကျန်ရှိနေပြီး အဆိုပါ လုပ်သားများအား အမြန်ဆုံး ပြန်လည်လက်ခံနိုင်ရေးကိစ္စရပ်များ နှင့်ပတ်သက်၍ လည်းကောင်း၊ ၃၀-၁၁-၂၀၂၀ ရက်နေ့အထိ EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်း စစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားပြီး တန်းစီဇယား တွင် ကျန်ရှိနေသူ (၄,၁၄၃)ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံ တွင် ၄ နှစ် ၁၀ လလုပ်ကိုင်ခဲ့ပြီး Re-entry လုပ်သားအဖြစ်ပြန်လည်ထွက်ခွာမည့်လုပ်သား(၁,၁၃၀)ဦးတို့ကျန်ရှိနေသဖြင့် အဆိုပါအလုပ်သမား များ အမြန်ဆုံးခေါ်ယူပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊

၁၂ ကြိမ်မြောက် အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ထားသူများအနက် အလုပ်ခေါ်စာ မရရှိသေး၍ တန်းစီဇယားတွင် ကျန်ရှိနေသူ (၃,၄၈၁)ဦးသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ အတွင်း တန်းစီဇယားသက်တမ်း (၂) နှစ် ကုန်ဆုံးမည်ဖြစ်သည့်အတွက် ၎င်းတို့၏ တန်းစီဇယား သက်တမ်း ကို(၁)နှစ် ထပ်မံတိုးပေးနိုင်ရေး အခြေအနေများ၊ COVID-19 ကာအတွင်း အသွားအလာ ကန့်သတ် ချက်များကြောင့် ၁၄ ကြိမ်မြောက် EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ အတွက်လျှောက်လွှာ ထုတ်ပေး / လက်ခံခြင်းကို Mobile Application အသုံးပြု၍ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်းဆောင်ရွက်လိုကြောင်း HRD-Korea မှ ၁၇-၁၁-၂၀၂၀ရက်နေ့တွင်အကြောင်း ကြားလာခြင်းနှင့်ပတ်သက်၍ဆောင်ရွက်ထားရှိသည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံမှ လုပ်သားသစ်များ စတင်စေလွှတ်ချိန်တွင် COVID-19 ကူးစက်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးအတွက် နှစ်နိုင်ငံသတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ ပြည်ဝင်ခွင့်သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက် သွားနိုင်ရေးအခြေအနေများစသည့် COVID-19 ကပ်ရောဂါ ကာလအတွင်း အလုပ်သမားများ စေလွှတ်နိုင်ရေး အခြေအနေများနှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေ အနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ပြည်ထောင်စုဝန်ကြီးနှင့်အတူဝန်ကြီးဌာနမှတာဝန်ရှိသူများတက်ရောက် ခဲ့ကြကြောင်းသတင်းရရှိသည်။