၂-၁၀-၂၀၂၀  ၊နေပြည်တော်

ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေသည် ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား MOU စနစ်ဖြင့်စေလွှတ်ရေး၊ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ တရားဝင်ဆက်လက် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးကိစ္စ ရပ်များနှင့်ပတ်သက်၍ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ထိုင်းနိုင်ငံရှိ မူလအလုပ်ရှင်ထံတွင် ပြန်လည်အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်ခန့်ထားရေးစာချုပ်ချုပ်ဆိုပြီး အလုပ်လုပ်ခွင့်ပါမစ် ရရှိထားပြီးဖြစ်သော လုပ်သားဟောင်းများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် မလိုဘဲ မဲဆောက် – မြဝတီ နယ်စပ်ဂိတ်တွင် လက်ခံရေးစခန်းဖွင့်လှစ်၍ MOU စနစ်ဖြင့် လုပ်သားများ ပြန်လည်စေလွှတ်မည့်အစီအစဉ်တင်ပြချက်ကို ရရှိခဲ့ကြောင်းအဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန အနေဖြင့် မြန်မာအလုပ်သမားများ ကုန်ကျစရိတ်သက်သာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုမရှိစေရေးတို့အတွက် ထိုင်းနိုင်ငံအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိတို့မှလည်း သက်ဆိုင်ရာဌာန တာဝန်ရှိသူ များနှင့်ဆွေးနွေးညှိနှိုင်း လျက်ရှိကြောင်း၊ လတ်တလောဖြစ်ပွားနေသော COVID – 19 ကပ်ရောဂါ ကြောင့်ပြောင်းလဲနေသည့် အခြေအနေများအပေါ် မူတည်ပြီးဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံ ရှိ သက်ဆိုင်ရာဌာနများ၊ အလုပ်သမားစေလွှတ်သည့် အေဂျင်စီများ၊ အလုပ်သမားများက ညှိနှိုင်း ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ထိုသို့လုပ်ဆောင်နိုင်ရန် သတင်းအချက်အလက် မှန်ကန် စွာရရှိရန်လိုအပ်ကြောင်း၊ ထိရောက်သောလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာမြန်မာသံရုံး၊ အလုပ်သမားသံအရာရှိတို့နှင့် အလုပ်ရှင်၊ အလုပ်သမား၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီနှင့်ထိုင်းအေဂျင်စီတို့မှ စီမံချက်များရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း။

အလုပ်အကိုင်ဝန်ဆောင်မှုပေးမည့် အေဂျင်စီများအနေနှင့် ထိုင်းနိုင်ငံမှ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များ၊ကန့်သတ်ချက်များ ၊လိုအပ်ချက်များကိုသိရှိအောင်ဆောင်ရွက်ထားပြီး အလုပ်သမား များအားအသိပေးထားရန် စာရင်းဇယားများ အချက်အလက်များ ၊ အထောက်အထားများ ကြိုတင် ပြုလုပ်ထားရန်၊ ထို့အပြင် ထိုင်းနိုင်ငံရှိ အလုပ်ရှင်များ၊ အေဂျင်စီများနှင့်လည်း မပြတ်ချိတ်ဆက် ဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍တက်ရောက်လာကြသည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်မှ ဥက္ကဌနှင့် တာဝန်ရှိသူများမှ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမား များတရားဝင်ဆက်လက် အလုပ်လုပ်ကိုင်ခွင့်ရရှိရေး၊ MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆိုပြီး မြန်မာနိုင်ငံတွင် စောင့်ဆိုင်းနေသည့် အလုပ်သမားများ အမြန်ဆုံးစေလွှတ်နိုင်ရေး၊ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC)ချုပ်ဆိုပြီးထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေသောအလုပ်သမား(အဟောင်း) များအတွက် MoU လုပ်ငန်းစဉ်ဖြင့် နယ်စပ်၌ ဆောင်ရွက်ပေးနိုင်ရေးအစီအစဉ်များကို အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပါသည်။ တင်ပြ ဆွေးနွေးချက်များနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘန်ကောက်ရှိ အလုပ်သမားသံအရာရှိက MOUအလုပ် သမားဟောင်းများ တရားဝင်ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရှိရေး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ် အသေးစိတ်ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိ ပါသည်။