နေပြည်တော် ၊ဇူလိုင် ၂၉ ရက်
COVID-19 ကာလအတွင်း ကျွမ်းကျင်မှုသင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစိုးရ၊ ပုဂ္ဂလိက သင်တန်းကျောင်းတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရုံးအမှတ် (၅၁)၊ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဇူလိုင်လ ၂၉ ရက်နေ့၊ နေ့လည် ၁ နာရီတွင် ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ တက်ရောက် အမှာ စကားပြောကြားခဲ့ပါသည်။
အခန်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်း ဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းကျောင်းတာဝန်ခံများ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိ လုပ်ငန်းခွင်အသီးသီးက လုပ်သားများ၊ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်း လုပ်သားများအတွက်မူဝါဒများချမှတ်၍ ကာကွယ်စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနက Focal Ministry အဖြစ်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့အနေဖြင့် လုပ်ငန်းခွင်ရှိလုပ်သားများ၊ အလုပ်အကိုင်ရှာဖွေသူများ၊ လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုများဖွံ့ဖြိုးတိုး တက်စေရန်၊ Upskills ဖြင့် အလုပ်အကိုင်အလိုက်ကျွမ်းကျင်မှုများမြှင့်တင်ရန်၊ Newskills၊ Reskills ဖြင့်လုပ်သားထုအား ကျွမ်းကျင်မှုဆိုင်ရာ အလုပ်အကိုင်၊ အခွင့်အလမ်းများနှင့် တိုးတက်ချိတ်ဆက် ပေးရန်၊ လုပ်သားစျေးကွက်အတွင်း ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစီးဌာနမှ အသိအမှတ်ပြုကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း(၁၃)ကျောင်းနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skill Standard Authority – NSSA) အသိအမှတ်ပြုသင်တန်းကျောင်း(၄)ကျောင်း ရှိကြောင်းပြောကြားခဲ့သည်။
ယနေ့ အချိန်အခါတွင် COVID-19 ကပ်ရောဂါကြောင့် လူနေထိုင်မှုပုံစံများပြောင်းလဲလာပြီး ဓလေ့သစ် (New Normal) ပုံစံဖော်ဆောင်လာကြောင်း၊ ယနေ့ကမ္ဘာတွင် ကုန်ပစ္စည်းများကို အွန်လိုင်းအသုံးပြု၍အိမ်အရောက်ပို့ဆောင်ရောင်းချခြင်း၊အီလက်ထရောနစ်ကတ်စနစ်သုံးလာခြင်း၊ Soft Skills သာလိုအပ်သည့်သင်တန်းအများစုကို အွန်လိုင်းအသုံးပြု၍ သင်ကြားလာခြင်း၊ အစည်း အဝေးပုံစံများ Social Distancing အရနေရာချဲ့စီစဉ်ကျင်းပခြင်း၊ Online Meeting ကျင်းပခြင်း၊ Mask ဝတ်ဆင်လာခြင်းများကြုံတွေ့လာရပြီးလူတိုင်းအားလုံးနီးပါးလက်ခံကျင့်သုံးလာပြီဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင်ဒီဂျစ်တယ်နည်းပညာရပ်အရေးကြီးလာသောကြောင့် ဒီဂျစ်တယ်နည်းပညာ နှင့်ပတ်သက်၍ သင်တန်းကျောင်းများအနေဖြင့် မည်သို့အသုံးချမည်၊ မည်သို့ကိုင်တွယ်မည်ကို မဖြစ် မနေလေ့လာထားရမည်ဖြစ်ကြောင်း၊ လူသားများ၏လိုအပ်ချက် များပြောင်းလဲလာပြီး၊ ကျွမ်းကျင်မှု နှင့် သက်မွေးပညာသင်တန်းကျောင်းများတွင် အလုပ်အကိုင်ဆိုင်ရာ ကဏ္ဍသစ်များအတွက် တိုးချဲ့ သင်ကြားပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ILO ၏ ၂၀၁၉ခုနှစ် ထုတ်ပြန်ထားသည့် Global Commission on the future of work; Work for Brighter future တွင် လုပ်သားထု၏ တစ်သက်တာပညာသင်ယူမှုရရှိရေး၊ အလုပ်ခွင်အတွင်း အာမခံချက်ရရှိရေးအတွက် အနာဂတ်အလုပ် အကိုင်များကိုအကြံပြုတိုက်တွန်းထားသဖြင့် ဝန်ကြီးဌာန၏ အလုပ်အကိုင်မူဝါဒနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် လုပ်သားများကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအား အရေးကြီးကိစ္စရပ် အဖြစ်သတ်မှတ်၍ COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ်ကုစား ရေးလုပ်ငန်းကော်မတီမှလည်း ဝန်ကြီးဌာနမှ ကြီးကြပ်ဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများနှင့်ပုဂ္ဂလိကကျွမ်းကျင်မှုဖွံ့ဖြိုးရေးသင်တန်းကျောင်းများ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီပါက အခြားစီးပွားရေးလုပ်ငန်းများနည်းတူ ချေးငွေများထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ NSSA နှင့်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိ အမှတ်ပြုသင်တန်းကျောင်းများကိုCOVID-19ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် လမ်းညွန်ချက်များနှင့်အညီပြန်လည်ဖွင့်လှစ်နိုင်ကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် ကျွမ်းကျင် လုပ်သားလိုအပ်ချက်ကို အလေးထားဖြည့်ဆည်းပေးနိုင်ရန်နှင့် လက်ရှိကြုံတွေ့နေရသည့်အခက်အခဲ များ၊ ကိုဗစ်ကာလအတွင်းနှင့်ကိုဗစ်ကာလအလွန် ဆက်လက်ဆောင်ရွက်သွားမည့်အကြံဉာဏ်ကောင်း များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးဆောင်ရွက်သွားရန်နှင့် ယခုအစည်းအဝေးအားမူဝါဒ တစ်ရပ်ချ မှတ်နိုင်သည်အထိ အမျိုးသားရေး စိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် အစိုးရ၊ ပုဂ္ဂလိကသင်တန်းကျောင်းတာဝန်ခံများက COVID-19 ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်မှု၊ ဝန်ကြီးဌာန လမ်းညွှန်မှုများနှင့်အညီ လိုက်နာ ဆောင်ရွက်ခဲ့မှု၊ သင်တန်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်မှု၊ ဖွင့်လှစ်နေမှု၊ ကြုံတွေ့ ရသည့်အခက်အခဲများ၊ အကြံပြုချက်များကိုတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန် နှင့် ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် တို့မှဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ် သည်များကိုသက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။