အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ဇူလိုင် လ ၂၄  ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါညှိနှိုင်းအစည်းအဝေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ (အလုပ်သမားရေးရာဆိုင်ရာ) အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများ သို့ အလုပ်သမားစေလွှတ်နေသည့် အစုအဖွဲ့များမှ ကိုယ်စားလှယ်အလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင်  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏ ဦးစား ပေးလုပ်ငန်းစဉ်ဖြစ်သည့် ပြည်တွင်းနှင့်ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမား များအတွက်ကောင်းမွန်သည့်လုပ်ငန်းခွင်ဖြစ်စေရေး၊ ဥပဒေနှင့်အညီခံစားခွင့်များရရှိစေရေးအတွက် အေဂျင်စီအဖွဲ့ချုပ်သည် ကြားခံဆောင်ရွက်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် အေဂျင်စီအဖွဲ့ချုပ်သည် ပိုမို၍စနစ်ကျပြီး ခိုင်မာသည့်အဖွဲ့အစည်းတစ်ခု ဖြစ်လာကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလတို့တွင် အဖွဲ့ချုပ်နှင့် ညှိနှိုင်းအစည်း အဝေး ၂ ကြိမ်ကျင်းပခဲ့ရာ ယနေ့ကျင်းပသည့် အစည်းအဝေးသည် တတိယအကြိမ်မြောက် ကျင်းပ ခြင်းဖြစ်ပါကြောင်း။

COVID-19 ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ပြဿနာများကြုံတွေ့နေရ၍ ကမာ္ဘတစ်ဝှမ်း တွင် အလုပ်အကိုင်ပေါင်း ၂၅ သန်းထိ ဆုံးရှုံးနိုင်ကြောင်း ILO က ခန့်မှန်းထားပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့်ပြည်တွင်းစက်ရုံ၊အလုပ်ရုံများတွင်လုပ်သားအင်အားများလျော့ချခြင်း၊ စက်ရုံ/အလုပ်ရုံ များ အပြီးပိတ်ခြင်းနှင့် ယာယီပိတ်ခြင်းများရှိခဲ့ပြီး ပြည်ပမှပြန်လာသူများ ယခုအချိန်ထိနေစဉ်ရှိနေ ပါကြောင်း၊ တရားမဝင်သွားရောက်သည့် အလုပ်အကိုင်များတွင်လည်းပိုမို များပြားနိုင်ပါကြောင်း၊ မြဝတီတွင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ကြိုဆိုလက်ခံရေးနှင့် စာရင်းဇယားကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အားဝန်ကြီးဌာနမှ အသိအမှတ်ပြု ပါကြောင်း၊ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူ ရေးလုပ်ငန်း၊ လက်လီလက်ကား ရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် COVID-19 ကပ်ရောဂါ သက်ရောက်မှုများရှိခဲ့ ပါကြောင်း။

သက်ဆိုင်ရာနိုင်ငံများအလိုက် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား များ၏စာရင်းနှင့်၎င်းတို့လုပ်ကိုင်နေသည့်ဒေသ၊ ပြည်တွင်းသို့ပြန်လည်ဝင်ရောက်လာမှု စာရင်းများ အားအေဂျင်စီများအနေဖြင့် နောက်ဆုံးအခြေအနေနှင့်ကိုက်ညီအောင်ပြုစုထားရန် လိုအပ်ပါကြောင်း နှင့်ဝန်ကြီးဌာနအနေဖြင့်အဆိုပါကိစ္စရပ်အတွက် Software တစ်ခုရေးဆွဲဆောင်ရွက်နေပါကြောင်း၊ နောက်ပိုင်းတွင်တိကျသေချာသည့် လူအမည်စာရင်းအင်အားနှင့် အလုပ်အမျိုးအစား၊ သွားရောက် လုပ်ကိုင်နေသည့် အလုပ်အကိုင်နေရာများအား အသေးစိတ် မှတ်တမ်းတင် ထားရှိနိုင်မည် ဖြစ်ပါ ကြောင်း။

ပြည်ပသို့သွားရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားပို့ဆောင်ရေးလုပ်ငန်းများ သာမက အခြားသောစီးပွားရေးလုပ်ငန်းများထိခိုက်မှုများလျော့နည်းသက်သာစေရေး နိုင်ငံတော်အကြီးအကဲ များကိုယ်တိုင်ဦးစီး၍ စီးပွားရေးပြန်လည်ထူမတ်ရေး၊ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်ဆောင်ရွက် နိုင်ရေး တစ်နိုင်ငံလုံး ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ COVID-19 ကပ်ရောဂါကာလအတွင်းနှင့် COVID-19 ကပ်ရောဂါကာလအလွန်အလုပ်အကိုင်အခွင့်အလမ်းများ မဆုံးရှုံးစေရေးစီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ လည်း မိမိတို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေးသင်တန်း ကျောင်းများသို့ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ချေးငွေများ ထုတ်ပေးမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသောသင်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ COVID -19 ကပ်ရောဂါကာလအတွင်းနှင့် COVID-19 ကပ်ရောဂါကာလအလွန် တို့တွင် အေဂျင်စီအဖွဲ့ချုပ် ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဝန်ကြီးဌာနသို့ အချိန်မရွေးလာရောက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြနိုင်ကြောင်း၊ အကြံပြုချက်များရှိပါကလည်း အကြံပြုနိုင်ကြောင်း၊ အလုပ်သမား များ၏အကျိုး၊ အေဂျင်စီများ၏အကျိုး၊ နိုင်ငံ၏ အကျိုးဖြစ်ထွန်းစေရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားပါသည်။

ထို့နောက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဌနှင့် အလု်ပအမှုဆောင်အဖွဲ့ဝင်များက နိုင်ငံအလိုက်လုပ်ငန်းဆပ်ကော်မတီအလိုက် လက်ရှိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ကြုံတွေ့ရသည့်အခက်အခဲများ ဝန်ကြီးဌာနမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များအားတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်း၍ လိုအပ်ချက်များပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး ညှိနှိုင်း အစည်းအဝေးပွဲအား မွန်းလွဲပိုင်း တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။