အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ဖေဖော်ဝါရီလ ၁၇ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များအား ယနေ့နံနက် ၁၀:၀၀နာရီအချိန်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ (အလုပ်သမားရေးရာ ဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင်  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းစဉ်ဖြစ်သည့် ပြည်တွင်းနှင့်ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အတွက်ကောင်းမွန်သည့် လုပ်ငန်းခွင် ဖြစ်စေရေး၊ ဥပဒေနှင့်အညီ ခံစားခွင့်များရရှိစေရေးအတွက် အေဂျင်စီအဖွဲ့ချုပ်သည် ကြားခံဆောင်ရွက်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် အေဂျင်စီအဖွဲ့ချုပ်သည် ပိုမို၍စနစ်ကျပြီး ခိုင်မာသည့်အဖွဲ့အစည်းတစ်ခု ဖြစ်လာကြောင်း၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင်ဖြစ်ပွားသည့် အလုပ်သမားရေးရာကိစ္စရပ်များ၌ အေဂျင်စီအဖွဲ့ချုပ် အနေဖြင့် အလုပ်သမားသံအရာရှိနှင့်ပူးပေါင်း ဖြေရှင်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ ယနေ့ ခေတ်သည်ပွင့်လင်းမြင်သာသည့်ခေတ်ဖြစ်ရာ အလုပ်သမားများ၏မကျေနပ်ချက်များ၊ အခက်အခဲ တိုင်ကြားမှုများ ရှိလာကြောင်း၊ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် မူဝါဒများ ချမှတ်ထားသော်လည်း အချို့ကိစ္စရပ်များတွင် လက်တွေ့ဆောင်ရွက် ရာ၌အခက်အခဲအနည်းငယ်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အေဂျင်စီအဖွဲ့ချုပ်သာမက အေဂျင်စီ အားလုံးနှင့်တွေ့ဆုံပြီးကြုံတွေ့နေရသည့်အခက်အခဲများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုများရရှိနိုင်ကြောင်း၊ အလုပ်သမားရေးရာကိစ္စရပ်များကို တစ်ဦးတစ်ဖွဲ့ခြင်းစီဆောင်ရွက် မည်ဆိုပါကအခက်အခဲများစွာရှိ၍ သက်ဆိုင်သူများအားလုံး အဖွဲ့အစည်းများအားလုံး ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အေဂျင်စီ များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ပြီး မလွဲမရှောင်သာ၍ အရေးယူ ရသည်များရှိရာ လုပ်ငန်းဆောင်ရွက်မှုအပိုင်းများတွင် နားလည်ပေးစေလို ကြောင်း၊ အေဂျင်စီအဖွဲ့ ချုပ်၏အခက်အခဲများ၊ လိုအပ်ချက်များကို ဝန်ကြီးဌာနသို့အချိန်မရွေးလာရောက်၍ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြနိုင်ကြောင်း၊ အကြံပြုချက်များရှိပါကလည်း အကြံပြုနိုင်ကြောင်း၊ အလုပ်သမား အကျိုး၊အေဂျင်စီ၏အကျိုး၊ နိုင်ငံ၏အကျိုးဖြစ်ထွန်း စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားပါသည်။

ထို့နောက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက လုပ်ငန်းကော်မတီအလိုက်လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ နှင့်ကြုံတွေ့ရသည့် အခက်အခဲများ ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များအားပြန်လည်တင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်း၍ လိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး တွေ့ဆုံပွဲအား မွန်းတည့်၁၂:၀၀နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။