အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဧပြီ ၁ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် UN Women ၏ ဌာနေကိုယ်စားလှယ် အသစ်ဖြစ်သူ Mr. Nicolas Burniat အား ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ တွင်လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UN Women အဖွဲ့အကြား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအတွက် ယခင်ဌာနေကိုယ်စားလှယ်များနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားနိုင်ပြီး အမျိုးသမီးများကဏ္ဍနှင့် ဆက်စပ်သည့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့် ကဏ္ဍများစွာရှိခဲ့ကြောင်း၊ ဆက်လက်၍ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လုပ်သားအင်အားတွင် အမျိုးသမီး လုပ်သားပါဝင်မှု အချိုးမှာများနေပြီး ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးတွင် ဝန်ကြီးဌာနသည် အရေးပါသောအခန်းကဏ္ဍ တွင်ပါဝင်သဖြင့် UN Women နှင့် EU အထောက်အပံ့ဖြင့် လက်ရှိဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော Safe & Fair Project သာမက နိုင်ငံတကာစံနှုန်းများနှင့် အညီရေးဆွဲထားသည့် (MSDP)၌ ဝန်ကြီးဌာနနှင့် သက်ဆိုင်သော လုပ်ငန်းများ၌ အမျိုးသမီးများ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြေခံဥပဒေ၌ ကျား/မ ခွဲခြားမှု မရှိစေရေး အခိုင်အမာ ထည့်သွင်းပြဌာန်းထားပြီး၊ အနည်းဆုံးအခကြေးငွေဥပဒေ တွင်လည်း ကျား/မ တန်းတူလုပ်ခရရှိရေး သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလက်ရှိကာလတွင်လည်း လူမှုဝန်ထမ်းဦးစီး ဌာနနှင့်အခြားသောဆက်စပ်ဌာနများသို့ အလုပ်အကိုင်ရရှိရေး ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာနှင့် အမျိုးသမီးရေးရာစွမ်းရည် တည်ထောင်ရေးလုပ်ငန်းများတွင် လိုအပ်သော အချက်အလက်များထောက်ပံ့ပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်း အဝေးပွဲများ ကျင်းပမှုတွင် လိုအပ်သော ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်နေပါကြောင်း ပြောကြားပါသည်။

ထို့နောက်ဌာနေကိုယ်စားလှယ်က UN Women အဖွဲ့မှ အဓိကဆောင်ရွက်နေသည့် လုပ်ငန်း ၄ ခုမှာ အမျိုးသမီးများနှင့်စီးပွားရေး၊ အမျိုးသမီးများနှင့်ခေါင်းဆောင်မှု၊ အမျိုးသမီးများ နှင့် အကြမ်းဖက်မှုပပျောက်ရေး၊ အမျိုးသမီးများနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ဖြစ်ကြောင်း၊ World Bank ၏လေ့လာတွေ့ရှိချက်အရနိုင်ငံများတွင်အမျိုးသမီးတန်းတူအခွင့်အရေးရရှိပါကအမျိုးသမီး အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကြောင့် နိုင်ငံ၏ GDP ပိုမိုတိုးတက်လာသည်ကိုတွေ့ရ ကြောင်း၊ အမျိုးသမီးများ ရွှေ့ပြောင်းလုပ်ကိုင်ရာတွင် အကျိုးရှိသည့်ဘက်က အကျိုးရှိသကဲ့သို့ လူကုန်ကူးခံရနိုင်သည့် စိန်ခေါ်မှုများလည်းရှိနေပါကြောင်း၊ ထိုစိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအား စနစ်တကျစီစဉ်ဆောင်ရွက် သွားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ နယ်ပယ်ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ ပါဝင်မှုတိုးတက်လာသည့် အခြေအနေများတွေ့ရှိရ ပါကြောင်း၊ UN Women အနေဖြင့် ဝန်ကြီး ဌာနနှင့်လက်ရှိပူးပေါင်းဆောင်ရွက်နေသော အစီအစဉ် သာမက(MSDP)တွင် ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်အခြားလုပ်ငန်းများတွင်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UN Women တို့ ပူးပေါင်းဆောင်ရွက်နေသည့် ၁၉၉၅ခုနှစ် တွင် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့၌ကျင်းပခဲ့သော ညီလာခံမှချမှတ်ခဲ့သည့် Beijing Platform for Action အရ ၂၅ နှစ်အတွင်းဆောင်ရွက်မှုများကိုမြန်မာနိုင်ငံကလည်း အစီရင်ခံစာပြုစုတင်ပြရန် ဆောင်ရွက်လျက် ရှိရာ အဆိုပါအစီရင်ခံစာတွင် ဝန်ကြီးဌာနက မြန်မာပြည်တွင်း/ပြည်ပ အမျိုးသမီးအလုပ်သမားများ အတွက်ဆောင်ရွက်ထားရှိမှု အခြေအနေကို ထည့်သွင်းဖော်ပြနိုင်ပါက အလွန်အကျိုးများမည်ဖြစ်၍ ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်းပြောကြားရာ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းပြန်လည် ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲ သို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။