နေပြည်တော် မတ် ၂၂
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နေ့လယ်ပိုင်း တွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မြန်မာနိုင်ငံ လွတ်လပ် ရေးရပြီး ၁၉၅၉ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားခဲ့ကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အဆိုပါ ဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ပြီး လက်ရှိအစိုးရဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာ တည်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ရာ ယင်းဥပဒေသည် မြန်မာနိုင်ငံတွင်သာ ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာ၌ ကျင့်သုံးလျက်ရှိပါကြောင်း၊
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ယူရာတွင် အမျိုးသမီးများကို လက်တလောခေါ်ယူရန် အစီအစဉ်မရှိသေးဘဲ အမျိုးသားဦးရေ (၆) သန်းကျော်မှ (၁)ရာခိုင်နှုန်း ဖြစ်သည့် ခြောက်သောင်းခန့်အား နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမှာဖြစ် ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ခေါ်ယူသွားမှာဖြစ်ပါကြောင်း၊
ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်ခြင်း၊ အဖွဲ့အစည်း နှင့် လုပ်တတ်ကိုင်တတ်သည့် စိတ်ဓာတ်များရရှိခြင်း၊ နိုင်ငံချစ်စိတ်ရှိသူ အချင်းချင်း၊ မိတ်ဆွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ စည်းကမ်းလိုက်နာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊
ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ လူမှုကွန်ရက်တွင် ဖော်ပြနေသည့် သတင်း များကို အမှန်ဟုမယူဆဘဲ လက်တွေ့ကျကျ လေ့လာသုံးသပ်ပြီး မှန်ကန်သည့် သတင်းအချက် အလက်များအား ဖြန့်ဝေပေးခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံ့အရေးတွင် မိမိတို့ကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
