နေပြည်တော် ဇွန်လ ၁၄
အလုပ်သမားဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၀၉:၃၀)နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၁) နှင့် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)တို့၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်း (၄၈၆) ဦး တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၌ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်း အတွင်းဝန်တို့သည် သတ်မှတ်နေရာများတွင် စိန်တစ်လုံး သရက်ပျိုးပင်များအား စိုက်ပျိုးပေးခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းများက စိန်ပန်း (၁၂၀)၊ စိန်တစ်လုံးသရက် (၄၂)ပင်၊ စုစုပေါင်း (၁၆၂)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးအမှတ်(၅၁)တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန တို့မှ အရာထမ်း၊ အမှုထမ်းများ၏ ရွှေသပြေ (၁၀)ပင်၊ စိန်ပန်း (၂၀)ပင်၊ စိန်တစ်လုံးသရက် (၄၅)ပင်၊ တမာ(၂၀) ပင် စုစုပေါင်း (၉၅)ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ပြုလုပ်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ရွှေသပြေ (၁၀)ပင်၊ စိန်ပန်း (၁၄၀)ပင်၊ စိန်တစ်လုံးသရက် (၈၇)ပင်၊ တမာ (၂၀)ပင်၊ စုစုပေါင်း ပျိုးပင် (၂၅၇) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။