နေပြည်တော် ဇွန် ၂၀
အလုပ်သမားဝန်ကြီးဌာန၊ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန နှင့် ဆက်စပ်လျက်ရှိသည့် ရုံးဝင်းအနောက်ဘက် မြေကွက်လပ်နေရာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးလာအောင် စိုက်ပျိုးပြုစုပျိုးထောင်ကြ ခြင်းဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပလာမည် ဖြစ်သည့်အတွက် ယခုနှစ်မိုးရာသီကာလတွင် နိုင်ငံပိုင်သစ်တော စိုက်ခင်းများအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သစ်ပင်ပေါင်း (၂၂.၃၃၂) သန်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်းကို သိရှိရပါကြောင်း၊
နိုင်ငံတော်အကြီးအကဲက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပစေရေး၊ ရာသီဥတုသာယာမျှတစေရေး၊ သစ်ပင် သစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းရေးတို့နှင့်စပ်လျဉ်း၍ ဒေသ အလိုက်သင့်တော်သည့် အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ်စိုက်ပျိုးရန်၊ သစ်ပင်သစ်တောများ ထိန်းသိမ်းရန်၊ မြစ်ချောင်းတစ်လျောက် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းရန်၊ ဒီရေတောအပင်များ စိုက်ပျိုးတည်ထောင်ရန်စသည့် သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြေ သာယာလှပစေရေး၊ ရာသီဥတုပြန်လည်မျှတကောင်းမွန်စေရေး နှင့် သဘာဝ ဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊
သစ်ပင်များစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသူကိုယ်တိုင်နှင့် စိုက်ပျိုးသူများ၏ ပတ်ဝန်းကျင်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့့်အပြင် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များကို ကာကွယ်နိုင်ခြင်း၊ လေထုကို သန့်စင်ပေးနိုင်ခြင်း၊ ပတ်ဝန်းကျင်ကို အေးမြစေခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ခြင်း၊ စားရေးရိက္ခာဖန်တီး ပေးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း ဟူသည့် ဆောင်ပုဒ်၊ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်၊ တစ်သက်ပျော်ချင် သစ်ပင်စိုက် ဟူသည့် အဆိုအမိန့် စကားရပ်များနှင့်အညီ စိုက်ပျိုးပြီးအပင်များ ရှင်သန်ဖြစ်ထွန်းစေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများမှ ပျိုးပင်များအား သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ၏ ပျိုးပင်များ စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီသစ်ပင်စိုက်ပွဲတွင် ကျွန်း (၈၆၇) ပင် ၊ ယမနေ (၈၇၉) ပင် ၊ ပေါင်း (၁,၇၄၆) ပင်ကို တစ်တန်းစီ စိုက်ပျိုး၍ မန်ဂျန်ရှား (၁,၀၃၀)ပင်ကို စိုက်ခင်းပတ်လည် အနားစပ်များတွင် စိုက်ပျိုးခဲ့သဖြင့် စုစုပေါင်း (၂,၇၇၆) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့သည်။
