အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                               နိုဝင်ဘာ ၂၃

အလုပ်သမားဝန်ကြီးဌာန၏ဝန်ထမ်းမိသားစုများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော် ရွှေကုက္ကားကျောင်းတိုက်၊ သပြေတောင်ကျောင်းတိုက်နှင့် ညောင်ရမ်းကျောင်းတိုက်တို့မှ ပင့်သံဃာတော်များကြွရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အစီအစဉ်အရ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ရွှေကုက္ကားကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝံသ ထံမှ ငါးပါးသီလခံယူပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများမှ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရွှေကုက္ကားကျောင်းတိုက်ဆရာတော်မှ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း နှင့်ပတ်သက်၍ အနုမောဒနာတရားနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပေး ခဲ့ပြီး တက်ရောက်သူများက သာဓု သုံးကြိမ်ရွတ်ဆိုခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ငွေသားကျပ် ၈,၉၀၅,၀၀၀/- နှင့် ပစ္စည်းတန်ဖိုး ကျပ် ၆,၃၇၈,၉၅၀/- ၊ စုစုပေါင်း ကျပ် ၁၅,၂၈၃,၉၅၀/- ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။