အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                          နိုဝင်ဘာ ၂၇ ။

          အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီ၏ (၁/၂၀၂၅) အစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များနှင့် လူမှုဖူလုံရေး အဖွဲ့မှ အရာထမ်းများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အလုပ်အမှုဆောင်ကော်မတီ(ဉက္ကဋ္ဌ) လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုဖူလုံရေးစီမံကိန်းအကျုံးဝင် မြို့နယ်ပေါင်း (၁၂၈) မြို့နယ်ရှိ အာမခံအလုပ်သမား (၁.၃၆)သန်းကျော် အကျုံးဝင်မှတ်ပုံတင်ထားပြီး ရုံးခွဲ ပေါင်း(၁၀၀) ရုံး၊ အလုပ်သမားဆေးရုံကြီး (၃) ရုံ၊ မြို့နယ်ဆေးခန်း (၉၆) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်းနှင့် ဌာနကြီးဆေးခန်း (၆၁) ခန်းကို ဖွင့်လှစ်ထားရှိပါကြောင်း၊ ပိုမိုထိရောက်ကောင်းမွန် သည့် ကျန်းမာရေး ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိနိုင်စေရန် Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိကဆေးခန်းများနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်သည့် Fee for Service Payment ဖြင့် ဆေးခန်း(၇၅)ခန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးကုန်ကျစရိတ်များကိုလည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆေးဖိုး ပြန်လည်ပေးအမ်းခြင်းဆိုင်ရာ ဘုတ်အဖွဲ့ဖြင့် စိစစ်၍ အမြန်ဆုံးပေးအပ်လျက်ရှိကြောင်း၊

          ၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် အာမခံအလုပ်သမားများအတွက် ငွေကျပ်သန်း (၁၀,၉၄၃.၀၅) နှင့် အာမခံအလုပ်သမား (၆၈,၂၁၅) ဦး၏ အချိန်ပြည့်ပညာသင်ကြားနေသော ကျောင်းသား/သူ (၈၉,၇၆၁) ဦးအတွက် ငွေကျပ်သန်း (၃,၅၇၅.၂၉၅) ကိုလည်း Online Payment စနစ်ဖြင့် ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီး နှစ်စဉ်ဆက်လက်ခွင့်ပြုထုတ်ပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

ပြည်ပနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်မှု များနှင့်စပ်လျဉ်းပြီး မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) နှင့် နားလည်မှုစာချွန်လွှာ (MOC) လက်မှတ်ရေးထိုး၍ လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ မှန်ကန်မြန်ဆန်စွာရရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မလေးရှားနိုင်ငံ၌ အလုပ်တွင် ထိခိုက်သေဆုံးသွားသူ မြန်မာအလုပ်သမား(၄၃)ဦးနှင့် အမြဲတမ်းမသန်စွမ်းဖြစ်သည့် မြန်မာ အလုပ်သမားများ(၃)ဦးတို့အတွက် အကျိုးခံစားခွင့်ငွေကျပ် (၁.၄၄၁)ဘီလီယံနှင့် မလေးရှား ရင်းဂစ်(၇၄,၃၅၉.၈၃)တို့ကို မှီခိုသူမိသားစုနှင့်အကျိုးခံစားခွင့်ရှိသူတို့၏ ဘဏ်စာရင်းမှ တစ်ဆင့် လွှဲပြောင်းလက်ခံရရှိပြီးဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

          ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများမှ လုပ်ငန်းဆောင် ရွက်ချက်များနှင့်ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကိုဆွေးနွေးတင်ပြကြရာ တက်ရောက် လာသူများမှ တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။     

          အလုပ်အမှုဆောင်ကော်မတီ (ဉက္ကဋ္ဌ)က နိဂုံးချုပ်အနေဖြင့် လူမှုဖူလုံရေးအဖွဲ့ကို အာမခံ ထားသူအလုပ်ရှင်နှင့် အလုပ်သမားများအားကိုးအားထားပြုထိုက်သည့် ဌာနတစ်ခုဖြစ်စေရန်နှင့် ယခုထက်ပိုမိုကောင်းမွန်သောဆေးကုသမှုဝန်ဆောင်မှုများနှင့်ငွေကြေးအကျိုးခံစားခွင့်များပေးနိုင်ရေးအတွက် လူမှုဖူလုံရေးဆေးရုံကြီးများ၊ ဆေးခန်းများနှင့် မြို့နယ်ရုံးများကို အဆင့် မြှင့်တင်ခြင်း၊ အကျုံးဝင်နယ်မြေဒေသများ တိုးချဲ့သတ်မှတ်ခြင်းတို့ကို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြား၍ အခမ်းအနားကို ရုတ်သိမ်း ခဲ့ပါသည်။