ပုသိမ် ဖေဖော်ဝါရီ ၄
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းသို့ ကြည့်ရှု စစ်ဆေးခဲ့သည်။
သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်း၏ လုပ်ငန်းအမျိုးအစားအလိုက် ကျွမ်းကျင်လုပ်သားများ စဉ်ဆက် မပြတ်မွေးထုတ် ပေးနိုင်ရန်နှင့် အမျိုးသားအဆင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုနည်းပါးပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်သည့် လုပ်ငန်းများဖြစ်သည့် ဆိုင်ကယ်ပြုပြင်ခြင်း၊ မြက်ရိတ်စက်ပြုပြင်ခြင်းနှင့် ရေစုပ်စက် ပြုပြင်ခြင်းလုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများ ပိုမိုပေါ်ထွန်းစေရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းများတွင် သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး တိုင်းဒေသကြီးအစိုးရထံ တင်ပြညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊
ဧရာဝတီတိုင်းဒေသကြီးသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ(MSME) ပိုမိုဖြစ်ထွန်းသော ဒေသဖြစ်၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် MSME သင်တန်းများဖြစ်သည့် လယ်ယာသုံး စက်ကိရိယာများ အသုံးပြုနည်း/ ပြုပြင်နည်းသင်တန်း၊ လယ်ယာသုံးဓာတ်မြေဩဇာကို ဒေသ ထွက်ကုန်ကြမ်းများနှင့် အချိုးအစားမှန်ကန်စွာ ပြုလုပ်နည်း/ စနစ်တကျအသုံးပြုနည်းသင်တန်း၊ ပုသိမ်ထီးအကြမ်းပြုလုပ်ခြင်းသင်တန်းနှင့် ပုသိမ်ထီးဆေးခြယ်ရေးသင်တန်းတို့ကို သက်ဆိုင်ရာ ဌာနများ၊ MSME လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တွင် ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကျောင်းအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လတွင် လျှပ်စစ်နှင့် ဂဟေသင်တန်းတွင် သင်တန်းသား (၈၀) ဦး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့် လေအေးပေးစက်တပ်ဆင်ပြုပြင်သင်တန်း တို့တွင် သင်တန်းသား (၁၀၀) ဦး မွေးထုတ်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့် လေအေးပေးစက်တပ်ဆင်ပြုပြင်သင်တန်းတို့ တွင် သင်တန်းသား (၁၀၀) ဦး သင်တန်းပို့ချခဲ့ ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ မတ်လတွင် သင်တန်း (၁) ကြိမ် ဖွင့်လှစ်မည် ဖြစ်ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းအနေဖြင့် လျှပ်စစ် အလုပ်အကိုင်ကျွမ်းကျင်မှုအဆင့် (၁) နှင့် (၂)၊ အုတ်စီအလုပ်အကိုင်နှင့် လက်သမားအလုပ် အကိုင်တို့အတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနများ တည်ထောင်ကာ စစ်ဆေးအကဲ ဖြတ်ခြင်းဆောင်ရွက်ခဲ့ရာ လျှပ်စစ်အလုပ် အကိုင် ကျွမ်းကျင်မှုအဆင့်(၁)အတွက် (၂၀၃) ဦး၊ အဆင့် (၂) အတွက် (၆၃) ဦး၊ လက်သမား ကျွမ်းကျင်မှုအဆင့်(၁)အတွက် (၂၁) ဦး၊ အုတ်စီ ကျွမ်းကျင်မှုအဆင့် (၁)အတွက် (၂၃) ဦး စစ်ဆေးနိုင်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးနှင့် မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်းများ အား တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ နေထိုင်ရေး၊ တည်ဆဲဥပဒေများအား လေးစားလိုက်နာနိုင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ဌာနများ အလိုက် လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အရ တာဝန် ပေးအပ်မှုအား ကျေပွန်စွာထမ်းဆောင်ရန် မှာကြားခဲ့သည်။
