အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                 ဒီဇင်ဘာ

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နေ့လယ်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ရုံးချုပ်၊ စုပေါင်းအစည်းအဝေးခန်းမ၌ လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်လျက်ရှိသော ဆေးခန်းများ၏ အာမခံအလုပ်သမားများအတွက် ဆေးကုသ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ စာချုပ်ဆေးခန်းမှ တာဝန်ရှိသူများအား တွေ့ဆုံသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်း အတွင်းဝန်၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုဖူလုံရေး အဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးခန်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူချိန်တွင် စာချုပ်ဆေးခန်းများမှ တာဝန်ရှိသူများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ် ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အဓိကလုပ်ငန်းစဉ် (၂)ရပ် ဖြစ်သည့် အာမခံအလုပ်သမားများ အား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (Providing Free Medical Care)၊ ငွေကြေးအကျိုး ခံစားခွင့်ပေးခြင်း (Providing Cash Benefits)တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုဖူလုံရေး အဖွဲ့၏ အဓိကလုပ်ငန်းစဉ်တွင် ပါဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို တစ်ဘက် တစ်လမ်းမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် Providers များအားလုံးကို ကျေးဇူးတင်ကြောင်း၊ အာမခံ အလုပ်သမားများ၏ ကျန်းမာရေးဝန်ဆောင်မှု လိုအပ်ချက်များကို ကောင်းမွန်ပြည့်စုံစွာ ဖြည့်ဆည်း ပေးအပ်နိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးများ/ မြို့နယ်လူမှုဖူလုံရေး ဆေးခန်းများအပြင် ပုဂ္ဂလိကနှင့်ပူးပေါင်းပြီး စာချုပ်ဆေးရုံ/ ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊

ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး Carewell Medical Co; Ltd နှင့်ပူးပေါင်းကာ  အဖွဲ့ပိုင်ဆေးခန်းများတွင် Carewell Medical Co; Ltd မှ လိုအပ်သော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ဖြည့်တင်းကာ ဆေးဘက်စီမံ ခန့်ခွဲမှုလုပ်ငန်းများအပါအဝင် ဆေးကုသမှုဝန်ဆောင်မှုများကို ပေးအပ်သည့် စမ်းသပ်ဆေးခန်းများ အဖြစ် Carewell Medical Co; Ltd နှင့် စတင်ဆောင်ရွက်ခဲ့ကြောင်း၊

၂၀၁၈ ခုနှစ် ဧပြီလတွင် နိုင်ငံတကာတွင် ကျင့်သုံးအောင်မြင်နေသည့် Provider Purchaser Split (Capitation Payment) စနစ်ဖြင့် စာချုပ်ဆေးခန်းများဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် Capitation Payment စနစ် စာချုပ်ဆေးခန်း (၂၄) ခန်း၊   Fee for Service Payment စာချုပ်ဆေးခန်း (၂၈) ခန်း ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊

အကျုံးဝင်အာမခံအလုပ်သမားများအနက် အမျိုးသမီးအလုပ်သမားများသည် သုံးပုံနှစ်ပုံခန့် ရှိခြင်းကြောင့် သားဖွားမီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD Care) နှင့် မီးဖွားခြင်း ဆိုင်ရာဝန်ဆောင်မှုများကို ထပ်တိုးဝန်ဆောင်မှုဆောင်ရွက်ပေးနိုင်ခဲ့၍ စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၂)ခန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊

စာချုပ်ဆေးခန်းများအနေဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးသည့်နေရာတွင် စေတနာ၊ မေတ္တာထားပြီး အလုပ်သမားဆေးရုံကြီးများ အသွင်အပြင်ခန့်ငြားစေရေး၊ ဝန်ဆောင်မှုတိုးတက် ကောင်းမွန်စေရေး တစ်ဘက်တစ်လမ်းမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က စာချုပ်ချုပ်ဆိုဆောင်ရွက်လျက် ရှိသော စာချုပ်ဆေးရုံ/ဆေးခန်းများနှင့်ပတ်သက်၍ ဆေးကုသဆောင်ရွက်ပေးမှုအခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ပြီး စာချုပ်ဆေးခန်းမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။