အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                             နိုဝင်ဘာလ ၂၀

အလုပ်သမားဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီဝန်း အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြား ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ သင်တန်းသားများ စုစုပေါင်း(၉၃)ဦး တက်ရောက်ခဲ့ကြသည်။ 

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်သင်တန်းသည် အလုပ်သမားဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပထမဦးဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး ၂၀-၁၁-၂၀၂၃ ရက်နေ့မှ ၁၅-၁၂-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီး ဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “စည်းကမ်းကောင်းမွန် ပြီး စွမ်းဆောင်ရည်ထက်မြက်သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေ ရေး၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော အရည်အချင်း ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာအလုပ်သမားထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုး တိုးတက်စေရေး” အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊

          အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းသာမက နိုင်ငံတကာနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်း ရှိသော လုပ်သားထုတစ်ရပ်ပေါ်ထွန်းလာစေရန် မျှော်မှန်းချက်ထားရှိကာ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များကို လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် လုပ်သားဈေးကွက်အတွင်းရှိ Professional Level များကို အထောက်အပံ့ပေးနေရသော လုပ်သားများကို ကျွမ်းကျင်လုပ်သား ဖြစ်‌စေရေးနှင့် ၎င်းတို့၏ ကျွမ်းကျင်မှုများကို အသိအမှတ်ပြုနိုင်ရေးတို့အတွက် အလုပ်သမားဝန်ကြီး ဌာနက Focal Ministry အဖြစ် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority – NSSA) က ဆောင်ရွက်ပေး လျက်ရှိပြီး ကျွမ်းကျင်မှုအဆင့် (၁) – တစ်စိတ်တစ်ဒေသကျွမ်းကျင်လုပ်သား(Semi-skilled Worker)၊ ကျွမ်းကျင်မှုအဆင့် (၂) – ကျွမ်းကျင်လုပ်သား(Skilled Worker)၊ ကျွမ်းကျင်မှုအဆင့်(၃)- အဆင့် မြင့်ကျွမ်းကျင်လုပ်သား (Advanced Skilled Worker)၊ ကျွမ်းကျင်မှုအဆင့်(၄) – ကြီးကြပ်သူ (Supervisor) ဟူ၍ အဆင့် (၄) ခွဲခြားသတ်မှတ်ထားကြောင်း၊

          NSSA အနေဖြင့် လုပ်သားဈေးကွက်မှ လိုအပ်သော အလုပ်အကိုင်များအတွက် ကျွမ်းကျင် မှုအဆင့်အလိုက် ကျွမ်းကျင်မှု “စံ” များရေးဆွဲပြီး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ပေးလျက်ရှိရာ လက်ရှိတွင် (၄၀) မျိုးအတွက် ကျွမ်းကျင်မှုအဆင့် (၁) အရည်အချင်းပြည့်မီသူ (၂၂၁၇၇) ဦးနှင့် ကျွမ်းကျင်မှုအဆင့် (၂) အရည်အချင်းပြည့်မီသူ (၂၀၂၉) ဦး၊ ကျွမ်းကျင်မှုအဆင့် (၃) အရည်အချင်း ပြည့်မီသူ (၇) ဦး၊ စုစုပေါင်း အရည်အချင်းပြည့်မီသူ (၂၄,၂၁၃) ဦးရှိပြီဖြစ်ပါကြောင်း၊

          အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်မှုသင်တန်းများဖြစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း၊ ဂဟေဆက် သင်တန်း၊ လေအေးပေးစက်တပ်ဆင်ပြုပြင်ခြင်းသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်း၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ Air Compressor ပြုပြင်ထိန်း သိမ်းခြင်းသင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ကြွေပြားကပ်သင်တန်း များကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊

          အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး အတွက် လုပ်ငန်းကဏ္ဍအလိုက် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မည့် TVET အစီအစဉ်များနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊

လျှပ်စစ်အင်ဂျင်နီယာလုပ်ငန်းကဏ္ဍသည် မြန်မာ့လုပ်သားဈေးကွက်အတွင်းသာမက ကမ္ဘာ့လုပ်သားဈေးကွက်မှာပါ အလုပ်အကိုင် အခွင့်အလမ်းများသည့် အမျိုးအစားဖြစ်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ အပါအဝင် လုပ်ငန်းနေရာအမျိုးမျိုး၌ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေရ၍ အရေးပါသော အလုပ်အကိုင်အမျိုးအစားဖြစ်ကြောင်း၊ လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှုအဆင့် (၁) အတွက် ၃၁၆၈ ဦးနှင့်  ကျွမ်းကျင်မှုအဆင့် (၂) အတွက် (၅၁၂) ဦးတို့ကို အသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်း၊

          သင်တန်းသားများအနေဖြင့် လျှပ်စစ်လုပ်ငန်းတွင် ကျွမ်းကျင်မှုရှိစေရန် အခြေခံကျသော စာတွေ့/ လက်တွေ့ သင်ခန်းစာတွေကို စိတ်ပါဝင်စားစွာဖြင့် သင်ယူကြရန်လိုကြောင်း၊ သင်တန်း ဆင်းပြီးပါကလည်း NSSA အသိအမှတ်ပြုကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများတွင် ဝင် ရောက်ဖြေဆို၍ ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များရရှိကာ လုပ်ခလစာ တိုးမြှင့်ရရှိခြင်း၊ ရာထူးအဆင့်တိုးမြင့်ခြင်း၊ ဝင်ငွေတိုးတက်လာခြင်းစသော ရလဒ် ကောင်းများ ရရှိခံစားရမည်ဖြစ်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များတွင် ဝင်ရောက်ဖြေဆိုကြရန် တိုက်တွန်း‌ပြောကြားခဲ့သည်။

အစီအစဉ်အရ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်တို့မှ အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြဆရာများနှင့် သင်တန်းတက်ရောက်မည့် သင်တန်းသားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်း၌ ပို့ချမည့် အထောက်အကူပြုပစ္စည်းများအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။