အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                           ဇူလိုင် ၁၃

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ ကနောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခုံသမာဓိ ကောင်စီဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများနှင့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း  ၂၀၀ ဦးခန့် တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ၏ အငြင်းပွားမှုဖျန်ဖြေရေးဆိုင်ရာ အသိအမြင်များ ဖလှယ်နိုင် ရန်နှင့် ထိရောက်သော ဖျန်ဖြေရေးစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုတိုးတက်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး အတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများနှင့် အလုပ်ရှင်များအကြား လုပ်ငန်းခွင်အေးချမ်းသာယာရေးသည် အလွန်အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ အငြင်းပွားမှုဖျန်ဖြေဆောင်ရွက်ရာတွင် မြို့နယ်အဆင့်တွင် အရေးပါသော ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအနေဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ဖြေရှင်း နည်းကို ဖော်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် အငြင်းပွားမှု ဖျန်ဖြေရေးအတွက် အတွေ့အကြုံကောင်းများ၊ ညှိနှိုင်းဖျန်ဖြေရေးနည်းလမ်းများ၊ ညှိနှိုင်းဖျန်ဖြေ ရေးနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဗဟုသုတများကို ဆွေးနွေး ဖလှယ် ရယူကြရန်လိုအပ်ပြီး ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် အတွက်သာမက ထိရောက်သော ဖျန်ဖြေရေးမှသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး အလုပ်ရှင်၊ အလုပ်သမားများ၏ လူမှုစီးပွားဘဝတည်ငြိမ်ရေးအတွက် အငြင်းပွားသူ နှစ်ဖက် အကြား ပြေလည်စေမည့် ညှိနှိုင်းမှုစွမ်းရည်များရှိနေရန်နှင့် ခေတ်ကာလအရ ပြောင်းလဲနေသော အငြင်းပွားမှုပုံစံများကို ဖြေရှင်းနိုင်သည့် ဖျန်ဖြေရေးစွမ်းရည်များ တိုးတက်အောင် ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်ရုံ၊ အလုပ်ရုံပေါင်း (၇၂၃၈)ရုံတွင် အလုပ်သမားပေါင်း (၇၀၉,၅၂၆) ဦး အလုပ် လုပ်ကိုင်လျက်ရှိပြီး စက်ရုံ၊ အလုပ်ရုံများတွင် ဖြစ်ပွားသော အငြင်းပွားမှုများကို အလုပ်သမား ရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ အခြေခံအကျဆုံးဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ အတွင်း ဖွဲ့စည်းထားသော အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)နှင့် လုပ်ငန်းခွင် မပျက် မဖြစ်မနေဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ ပြေလည်မှုမရရှိသည့် အငြင်းပွားမှုများကို အငြင်းပွားမှုဖြေရှင်းရေးယန္တရားအရ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များသည် အငြင်းပွားမှု ဖြေရှင်း ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်းကြောင့် ယခုအလုပ်ရုံဆွေးနွေးပွဲသည် အလွန်အရေးပါသော ဆွေးနွေးပွဲတစ်ခုဖြစ်သည့်အတွက် တက်ရောက်လာကြသော မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အတွေ့အကြုံများကို အဖွဲ့ဝင်များအချင်းချင်း ဖလှယ် ခြင်းဖြင့် နောင်အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ပြေငြိမ်းမှုရရှိသည်အထိ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအနေဖြင့် ဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားများအကြား အငြင်းပွားမှုများကို အကောင်းဆုံးဖြေရှင်းပေးနိုင်သော အဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ပထမပိုင်း အစီအစဉ်ကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ကို ရှင်းလင်းဆွေးနွေးခြင်း၊ ခုံသမာဓိကောင်စီဝင်တစ်ဦးက အလုပ်သမားရေးရာ အငြင်းပွားမှုများ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များအား ရှင်းလင်းဆွေးနွေး ခြင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးသောင်းညွန့်က အဖွဲ့ချုပ်နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ် များက အုပ်စု (၃) စုဖွဲ့၍ အစုအဖွဲ့လိုက် ဆွေးနွေးခြင်းများပြုလုပ်၍ အစုအဖွဲ့လိုက် ဆွေးနွေးတွေ့ရှိ ချက်များအပေါ် အပြန်အလှန်တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှု ခံယူနေကြသော အာမခံအလုပ်သမားလူနာများ၏ ကျန်းမာရေးအခြေအနေကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးခဲ့ပြီး၊ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား ဆေးရုံကြီး၏ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ရာ ဆေးရုံအုပ်ကြီးက ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆေးရုံနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် လျာထားချက်များနှင့် ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်များ၏ ထပ်မံလိုအပ်လျက်ရှိသော ဆေးပစ္စည်းကိရိယာများနှင့် စက်ပစ္စည်းများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုး ယုံကြည်ရသည့် အလုပ်သမားဆေးရုံဖြစ်စေရန်နှင့် အာမခံအလုပ်သမားများအတွက် အရည်အသွေး ပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျန်းမာ ရေးဝန်ထမ်းများသည် ဆေးဘက်ဆိုင်ရာပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများ ကို လိုက်နာရန်လိုအပ်ကြောင်းနှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့အကျိုးအတွက် တာဝန်ထမ်းဆောင် လျက်ရှိသော လူမှုဖူလုံရေးအကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းဖြစ်သည့်အတွက် မွန်မြတ်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှု ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင်ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား (၁,၀၂၉,၉၀၄)ဦးရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမားဆေးရုံကြီး (တာမွေ)၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၂၀)ခန်း၊ ဌာနကြီး ဆေးခန်း (၁၈)ခန်း၊ တိုင်းရင်းဆေးခန်း(၁)ခန်း၊ စာချုပ်ဆေးခန်း(၅၃)ခန်း၊ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်သည့် ဆေးခန်း (၅)ခန်းတို့ ဖွင့်လှစ်၍  ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်နှင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ မှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ဆေးဖိုးပြန်လည်ပေးအပ်ငွေ ကျပ်သန်းပေါင်း ၉၀၅၇.၇၁၄ ပေးအမ်းခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။