အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပဲခူး                                                                                                                 ဇွန် ၁၇

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ၁၅-၆-၂၀၂၆ ရက်နေ့ တွင် ပဲခူးတိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူး)၌ ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက “နိုင်ငံ့ ဝန်ထမ်းဆိုသည်မှာ မည်သည့် အစိုးရ လက်ထက်၊ မည်သို့မူဝါဒ ချမှတ်သည်ဖြစ်စေ အစိုးရ၏ မျှော်မှန်းချက်၊ မူဝါဒများနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ဆောင်ရွက် ကြရသူများဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်သည့်အလျောက် နိုင်ငံ့ဝန်ထမ်း တစ်ဦးချင်းစီ အရည်အသွေး မြင့်မားရန်လိုကြောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်မည်ဆိုပါက ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အဖြစ် ဝန်ထမ်းအဖွဲ့အစည်းနှင့် နိုင်ငံတော်အစိုးရကိုပါ ပြည်သူများက ယုံကြည်လေးစား ကြမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအချင်းချင်း ညီညွတ်မျှတ စွာဖြင့် အထက်အောက်ကွပ်ကဲ အုပ်ချုပ်သွားရန် လိုကြောင်း” လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊

ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အလုပ်သမားရေးရာဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်အောင် လေ့လာဖတ်ရှုကြရန်နှင့် ဘာသာရပ်ဆိုင်ရာ ပညာရပ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာဆည်းပူးကြရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းကောင်း မှ နိုင်ငံကောင်းမည်ဖြစ်သည့်အတွက် စိတ်ဓာတ်၊ စည်းကမ်းနှင့် စွမ်းဆောင်ရည် ပြည့်ဝပြီး နိုင်ငံတော်နှင့် ဝန်ကြီးဌာနအပေါ် သစ္စာရှိသည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန်၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်း အပြန်အလှန်လေးစားမှု၊ ညှိနှိုင်းပေါင်းစပ်မှုတို့ဖြင့် လုပ်ငန်းများတိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းအတွင်း ဂဟေဆက်သင်တန်း ဖွင့်လှစ်ပို့ချနေမှုနှင့် အထည်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများဖြစ်သော Myanstar Garment Co., Ltd၊ Suitstar Garment Co.,Ltd နှင့် Sudey Industrial Myanmar Co., Ltd တို့မှ အလုပ်သမားများ လုပ်ငန်းခွင်အတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ အလုပ်သမားများ၏ ရပိုင်ခွင့်များ ဆောင်ရွက်ပေးထားမှု အခြေအနေ များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများအား  သွားရောက်ကြည့်ရှုစစ်ဆေးသည်။

          ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအားတိုးတက်စေရေး အတွက် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း ထည့်သွင်းစဉ်းစား၍ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင် အေးချမ်း သာယာမှသာ နိုင်ငံ၏ ကုန်ထုတ်စွမ်းအား မြင့်မားလာမည်ဖြစ်ကြောင်းနှင့် အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ရန်နှင့် အေးချမ်းသာယာသော လုပ်ငန်းခွင်များဖြစ်အောင် ဖန်တီးဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်ဖြင့် အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးနေမှု အား လိုက်လံကြည့်ရှု၍ အလုပ်သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

          လူမှုဖူလုံရေးအဖွဲ့မှ အထည်ချုပ်စက်ရုံ (၃)ရုံရှိ အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသရေးအဖွဲ့ရွေ့လျားဆေးကုသယာဉ်များဖြင့် လုပ်ငန်းခွင့်အရောက် သွားရောက်၍ လိုအပ်သောဆေးကုသမှုနှင့် ဆေးဝါးထောက်ပံ့ပေးခြင်းများ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ၊ ECG စစ်ဆေးခြင်းများကို စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းတွင် အကျုံးဝင်အာမခံအလုပ်သမား (၇၅,၀၂၆)ဦး၏ ကျန်းမာ ရေးစောင့်ရှောက်မှုအတွက် မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၁၅) ခန်း၊ Fee for service စာချုပ် ဆေးခန်း (၁၅)ခန်း၊ ဌာနကြီးဆေးခန်း (၅)ခန်း၊ ရွေ့လျားဆေးကုသယာဉ်များဖြင့် ဆေးကုသမှု ဝန်‌ဆောင်မှုဆောင်ရွက်ပေးလျက်ရှိပြီး  ၄/၂၀၂၅ လမှ ၃/၂၀၂၆ လအထိ ဆေးဖိုးအမှုတွဲ (၂,၁၈၅) အတွက် ကျပ်သန်း – ၄၅၄.၉၈၁  ပေးအမ်းခဲ့ပါသည်။