အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပဲခူး                                                                                                               ဇွန်   ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အလုပ်အကိုင်အလိုက်စံ သတ်မှတ်ရေးကော်မတီမှ တာဝန်ရှိသူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များသည် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုကို တရားဝင်အသိအမှတ်ပြုရုံသာမက နိုင်ငံတော်၏ လုပ်သားဈေးကွက်ကို စနစ်ကျပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်အောင် မြှင့်တင် ပေးနိုင်မည့် အဓိကသော့ချက်ဖြစ်ကြောင်း၊

NSSA ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူတိုင်း မိမိတို့၏ ကျွမ်းကျင်မှုကို နိုင်ငံ တော်အဆင့် တရားဝင်အသိအမှတ်ပြု ကျွမ်းကျင်မှုလက်မှတ်ဖြစ်သည့်အတွက် နိုင်ငံအတွင်း၊ နိုင်ငံပြင်ပရှိ အလုပ်အကိုင်ဈေးကွက်များတွင် ယုံကြည်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့်အပြင် လုပ်ခလစာ ပိုမိုရရှိရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်သမားအခွင့်အရေး များ ရရှိရေးအတွက် အခြေခံခိုင်မာမှု ရရှိစေမည်ဖြစ်ကြောင်း၊

လုပ်ငန်းရှင်များအနေဖြင့် NSSA အသိအမှတ်ပြုလက်မှတ်ရရှိသူများသည် စံချိန်စံညွှန်း နှင့်အညီ စစ်ဆေးအကဲဖြတ်အောင်မြင်ထားသူများ ဖြစ်ခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန များတွင် ဦးစားပေး အလုပ်ခန့်ထားနိုင်ရန်၊ သင့်တော်သော လုပ်ခလစာနှင့် ရာထူး အဆင့်အတန်း များ ပေးအပ်နိုင်ရေး ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးနှင့် လုပ်သားထုကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အားပေးမြှင့် တင်ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ အလုပ်အကိုင် (၅) မျိုး တွင် ဝင်ရောက်ဖြေဆိုခဲ့သည့် အရည်အသွေးပြည့်မီသူ (၁၂၅) ဦးအား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။