အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                                   မေ ၂၈

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး သည်  ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ၂၈-၅-၂၀၂၆ ရက်နေ့ နေ့လယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ် ပြုရေးကော်မတီ (ACC)၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ၊ လုပ်ငန်းကဏ္ဍ အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီဥက္ကဋ္ဌများ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရလုပ်သားများ၊ အသိအမှတ်ပြုသင်တန်းကျောင်း များနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများမှ တာဝန်ခံများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေး အကဲဖြတ်သူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းကဏ္ဍအသီးအသီး၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရန်၊ ကျွမ်းကျင်မှုအခြေပြု ကုန်ထုတ်လုပ်မှု (Skill- Based Productivity) ကို မြှင့်တင်ဆောင်ရွက်ရာတွင် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်ငန်း၏လိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်လုပ်သားများရရှိစေရန် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံများ ရေးဆွဲ သတ်မှတ်ခြင်း၊ ကျွမ်းကျင်မှုစံနှင့်အညီ လေ့ကျင့်သင်ကြားခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း တို့ကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ NSSA မှ ပုဂ္ဂလိကကဏ္ဍရှိ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင် ရွက်ပေးလျက်ရှိကြောင်း၊

NSSA သည် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရေး၊ လုပ်သားထုကျွမ်းကျင်မှု အဆင့် မြင့်မားရေး၊ ဘဝတစ်သက်တာ လေ့ကျင့်သင်ကြားနိုင်ရေးအတွက် လုပ်ငန်းခွင်နှင့်ကိုက်ညီသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ်ရရှိစေရေး ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာလုပ်သားထု သည် ဒေသတွင်းလုပ်သားဈေးကွက်နှင့် ယှဉ်ပြိုင်လာနိုင်မည်ဖြစ်ကြောင်း၊ မြန်မာလုပ်သားဈေးကွက် နှင့်ကိုက်ညီသော အလုပ်အကိုင်ကို စစ်ဆေးအကဲဖြတ် ဆောင်ရွက်ပေးနေကြောင်း ပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မြန်မာလုပ်သားဈေးကွက်ရှိ အလုပ်အကိုင် (၇) မျိုး စစ်ဆေးအကဲဖြတ်ခြင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေဆိုအောင်မြင် ခဲ့သည့် အရည်အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သား (၃၀၉) ဦးအား အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။