အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                                   မေ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ (၆) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု (ASEAN-OSHNET Award) အတွက် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် စက်ရုံ၊ အလုပ်ရုံများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ဒေသကြီး UMFCCI မှ ကိုယ်စားလှယ်များ၊ ဆုရွေးချယ်ရေး ကော်မတီဝင်များ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဝင်များနှင့် ဝင်ရောက်ယှဉ်ပြိုင်သည့်စက်ရုံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး မျှော်မှန်းချက်ဖြင့် သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းအပြင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို စည်းကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊

အာဆီယံဒေသတွင်း အလုပ်သမားများအတွက် ကောင်းမွန်သည့် လုပ်ငန်းခွင် အခြေအနေများ ကို စိတ်ဝင်စားစွာဖြင့် တက်ကြွစွာ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းရှင်များကို အသိအမှတ်ပြုသည့် အနေဖြင့် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET)မှ ၂၀၁၆ ခုနှစ်မှစ၍ နှစ်နှစ်လျှင် တစ်ကြိမ် ဆုချီးမြှင့်လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် ASEAN-OSHNET Excellence ဆုအတွက် Grand Royal Group International Co., Ltd အရက်ပုလင်းသွင်း စက်ရုံနှင့် Best Practices ဆုအတွက် Dentomec သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံတို့ ရရှိခဲ့ပါကြောင်း၊

မြန်မာနိုင်ငံမှ ASEAN-OSHNET Excellence ဆုနှင့် Best Practice ဆုများ နှစ်စဉ် ရရှိခဲ့သည့်အတွက် အာဆီယံဒေသတွင်းအဆင့် ယှဉ်ပြိုင်နိုင်စွမ်းပုံရိပ်ကို ထိန်းသိမ်းနိုင်ခဲ့သဖြင့် ဆုရရှိ သည့် စက်ရုံများအတွက်သာမက နိုင်ငံအတွက်ပါ ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်ပါကြောင်း၊ တိုးတက် ပြောင်းလဲလာသည့် နည်းပညာများကို မျက်ခြေမပြတ်လေ့လာ၍ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်များ ဖန်တီးပေးနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး ASEAN-OSHNET Excellence ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ (၅) ရုံ နှင့် Best Practices ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် (၉) ရုံ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်း၊ ဆုရွေးချယ်ရေး ကော်မတီဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပြီး ဆုရရှိသည့် စက်ရုံ များမှ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်း video clip များအား ရှင်းလင်းပြသခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် နေ့လယ်ပိုင်းတွင် အလုံမြို့နယ်ရှိ ပင်မဆေးသိုလှောင်ဌာနသို့ ရောက်ရှိပြီး ဆေးသိုလှောင်ထားရှိမှုအခြေနေ၊ လူမှုဖူလုံရေးအဖွဲလက်အောက်ရှိ အလုပ်သမား ဆေးရုံကြီးများ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီး ဆေးခန်းများသို့ ဆေးဝါးဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည် ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများနှင့် ဆေးဝါး များ ပံ့ပိုးပေးအပ်နိုင်ရန်၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးကဏ္ဍမြှင့်တင် ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ထိရောက်သည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပြည်သူလူထု တိုက်ရိုက် အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖြစ်စေရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။