အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တောင်ကြီး                                                                                                   ဇူလိုင် ၂၁။

လူမှုဖူလုံရေး-ခိုင်မေတ္တာအထွေထွေရောဂါကုဆေးခန်း(တောင်ကြီး) ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရေအေးရပ်ကွက်၊ ကမ္ဘောဇလမ်းတွင် ယနေ့နံနက် ပိုင်းတွင် ကျင်းပခဲ့သည်။

          ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဉီးအေးလှိုင်၊ ဆေးတက္ကသိုလ်(တောင်ကြီး)မှ တာဝန်ရှိသူများ၊ စပ်စံထွန်းပြည်သူ့ဆေးရုံကြီး (တောင်ကြီး)မှ ဆေးရုံအုပ်ကြီးနှင့် ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကျုံးဝင် အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ခိုင်မေတ္တာဆေးရုံမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆေးခန်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

          ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါဆေးခန်းရှိ အစည်းအဝေး ခန်းမတွင်  စပ်စံထွန်း ပြည်သူ့ဆေးရုံကြီး(တောင်ကြီး)နှင့် ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြီး တာဝန်ရှိသူများအား အလှူငွေများ ပေးအပ်ခဲ့သည်။         

          အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် မဟာဗျူဟာရည်မှန်းချက်  တစ်ရပ်ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံ တော်က စုပေါင်းထည့်ဝင်ငွေများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သည့် အလုပ် သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်း အကျိုး ခံစားခွင့်များအား ခံစားရရှိနိုင်စေရန်၊ လက်ရှိတွင် အာမခံစနစ်(၆)မျိုး အနက်(၂)မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့်(၁၅)မျိုးအား  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို အလွယ်တကူလက်လှမ်း မီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင် မှုထောက်ပံ့ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၂၆ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၁၄ ခန်း၊  မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ် ဆေးရုံ/သားဖွားခန်း ၁၁ ခန်း၊ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) (၂)စီးတို့ဖြင့်  ဝန်ဆောင်မှုပေးလျက် ရှိသည်။

ရှမ်းပြည်နယ်တွင် အကျုံးဝင်အာမခံအလုပ်ဌာန (၁၄၈၂) ဌာနနှင့် အကျုံးဝင်အာမခံ အလုပ်သမားဉီးရေ (၁၆,၀၇၉) ရှိပြီး အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုကို ထိရောက်လွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရန် လူမှုဖူလုံရေး- ခိုင်မေတ္တာဆေးရုံအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့် ဆေးခန်း အပါအဝင် ပုဂ္ဂလိကနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိသည့် ဆေးခန်းစုစုပေါင်း (၄၀) ခန်း ဖွင့်လှစ်ထားရှိပြီး  အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် လက်လှမ်းမီသောနေရာ များတွင် ဆေးခန်းများ ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေး အဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် အေးသာယာစက်မှုဇုန်ရှိ Myanmar CP စက်ရုံ၌ အကျုံးဝင်အာမခံအလုပ်သမားများအား လုပ်ငန်းခွင်မပျက် ကွင်းဆင်း ဆေးဝါးကုသပေးနေမှုများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး အေးသာယာစက်မှုဇုန်ရှိ လူမှုဖူလုံရေးဆေးခန်း(အေးသာယာ)သို့ သွားရောက်၍ လုပ်ငန်းလိုအပ်ချက်များ မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေး၍ ဆေးခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာရန်တာဝန်ရှိကြောင်း၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက မိမိဝန်ကြီးဌာန၏ မူလလုပ်ငန်းများ၊ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်ပြီး နိုင်ငံတော်အတွက်လည်း ကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ဆက်ဆံရာတွင် တတ်နိုင်သမျှ စိတ်ရှည်သည်းခံပြီး ချေငံစွာဆက်ဆံရန်လိုအပ်ကြောင်း၊ ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်