လှည်းကူး မေ ၂၇
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး မူဝါဒများနှင့်အညီ အာမခံထားသူ အလုပ်သမားများ၏ လူမှုစီးပွားရေးဘဝ လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် လှည်းကူးမြို့နယ်ရှိ လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမားများ၏ သားသမီး (၁၀၀၀) ဦး တို့ကို ဖွင့်လှစ်သင်ကြားပေးနေသော ယဉ်ကျေးလိမ္မာသင်တန်းတွင် ရွှေ့လျားဆေး ကုသရေးအဖွဲ့ဖြင့် ကွင်းဆင်းဆေးကုသမှုသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး နှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးခဲ့သည်။
ရွှေ့လျားဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီး(၃)ဦး၊ လက်ထောက်ဆရာဝန်(၇)ဦး အပါအဝင် ဆေးဖက်ဆိုင်ရာဝန်ထမ်း(၂၅)ဦးတို့ဖြင့် လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမားများ နှင့် ၎င်းတို့၏ သားသမီးများကို ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်း၊ နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှု နည်းပါးစေရန် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များကို အသိပေးပြောကြား ခြင်းနှင့် ဆေးဝါးများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ်ရှိ G&F (Myanmar) Garment Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်၍ အလုပ်သမားများနှင့် တွေ့ဆုံရာတွင် လုပ်ငန်းခွင်အေးချမ်း သာယာမှုရှိစေရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်၍ မျှတသည့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးရရှိစေရန်နှင့် အလုပ်သမားရေးရာအငြင်းပွားမှုများ လျော့နည်း စေရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC) ချုပ်ဆို ပေးလျက် ရှိကြောင်း၊ လုပ်ခလစာနှင့် အချိန်ပိုကြေးများ မှန်မှန်ကန်ကန် ရရှိစေရေးနှင့် လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့် နှင့် မီးဖွားခွင့်များ ဥပဒေနှင့်အညီ ခံစားရရှိစေရေး ဆောင် ရွက်ပေးနေကြောင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေး နှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC) ဖွဲ့စည်းခြင်းနှင့် လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမားများကို သက်ဆိုင် ရာအာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်း အလုပ်သမားများ၏ လုပ်ငန်းခွင်တည်ငြိမ်းအေးချမ်းစွာဖြင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက် နေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြောင်း သတင်းရရှိသည်။

