အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                         ဇန်နဝါရီ ၁၄

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ခပေါင်းခန်းမ၌ ရေဘေးသင့် အာမခံအလုပ်သမား များအား လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% ပေးအပ်မည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာ စကားပြောကြားသည်။

          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် တိုင်ဖွန်းမုန်တိုင်း(ရာဂီ)၏ အရှိန် ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူအများ အတိဒုက္ခရောက် ခဲ့ရပြီး အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံး ရခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ခဲ့ပါကြောင်း၊

ထို့ကြောင့် နိုင်ငံတော်အစိုးရက တာဝန်အပ်နှင်းထားသည့် ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပြည်သူလူထု လူမှုဒုက္ခခံစားရချိန်တွင် တတ်နိုင်သော ဝန်အားဖြင့် နည်းလမ်းမျိုးစုံပံ့ပိုးပေးခဲ့ကြရာ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများကို သဘာဝဘေးအန္တရာယ် ကျရောက်မှု ကြောင့် တတ်နိုင်သည့်နည်းလမ်းများဖြင့် ထောက်ပံ့ကူညီပေးရန် ဆောင်ရွက်ခဲ့ပါကြောင်း၊

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ လူမှုဖူလုံရေး မြို့နယ်ရုံး (၈၀) ရုံးတွင် ယနေ့အချိန်အထိ အလုပ်ဌာန (၃၄,၉၂၇) ဌာနနှင့် အလုပ်သမား  (၁.၂၇) သန်းဦးတို့ အကျုံးဝင်မှတ်ပုံတင်ထားပြီးဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး၌ အလုပ်ဌာန (၂,၆၆၉) ဌာန၊ အာမခံအလုပ်သမား (၇၇,၇၁၀)ဦး မှတ်ပုံတင်ထားပြီး ၎င်းတို့အနက် အလုပ်ဌာန(၅၆)ဌာနက ရေဘေးသင့် အာမခံအလုပ်သမား (၅၁၉)ဦးအား ငွေကြေး အကျိုးခံစားခွင့်ကျပ်သန်း (၃၉.၁၃)ကို ယနေ့အခမ်းအနားတွင်  ခွင့်ပြုထုတ်ပေးခြင်းဖြစ်ပါကြောင်း၊

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်ထံသို့ အာမခံအလုပ်သမား (၅၁၉) ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်  ၄၀% ကျပ်သန်း (၃၉.၁၃ ) ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက လူမှုဖူလုံရေးထောက်ပံ့ ကူညီမှု အကျိုးခံစားခွင့် ၄၀% ကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် လာရောက်ပြီး ခွင့်ပြုထုတ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် အာမခံအလုပ်သမားများအတွက် ဆေးကုသမှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့် ဝန်ဆောင်မှုများပေးရာတွင် ခေတ်နှင့်လျော်ညီပြီး ပိုမိုထိရောက်ကောင်းမွန်သည့်  ဝန်ဆောင်မှု များပေးအပ်နိုင်အောင် ဆောင်ရွက်နေသည်များကို သိရှိပြီးဖြစ်သဖြင့် လူမှုဖူလုံရေးအဖွဲ့ကြီး ရေရှည်တည်တံ့ခိုင်မြဲပြီး အာမခံအလုပ်သမားများနှင့် အလုပ်ရှင်များ၏ အကျိုးကို ပိုမိုဆောင် ရွက်ပေးနိုင်ပါစေကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီးနှင့် တက်ရောက်လာသူများက မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ဉီးစီးဌာန၊ အဖွဲ့ရုံးများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင် ရေး၊ တည်ဆဲဥပဒေများအား လေးစားလိုက်နာနိုင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ် စွာဖြင့် မိမိတို့ဌာနများအလိုက် လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ဝန်ကြီး ဌာနနှင့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးအပ်မှုအား ကျေပွန်စွာထမ်း ဆောင်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။