အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                            ဇန်နဝါရီ ၆

          ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ရေဘေးသင့်အာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% ခွင့်ပြုထုတ်ပေးရန် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌထံ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမတွင် ကျင်းပပြု လုပ်ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာ စကားပြောကြားသည်။

          အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အရာထမ်း/ အမှုထမ်းများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် တိုင်ဖွန်းမုန်တိုင်း(ရာဂီ)၏ အရှိန် ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူအများ အတိဒုက္ခရောက် ခဲ့ရပြီး အလုပ်ရုံ၊ စက်ရုံ၊ လုပ်ငန်းဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံး ရခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ခဲ့ပါကြောင်း၊

ထို့ကြောင့် နိုင်ငံတော်အစိုးရက တာဝန်အပ်နှင်းထားသည့် ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပြည်သူလူထု လူမှုဒုက္ခခံစားရချိန်တွင် တတ်နိုင်သော ဝန်အားဖြင့် နည်းလမ်းမျိုးစုံပံ့ပိုးပေးခဲ့ကြရာ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများကို သဘာဝဘေးအန္တရာယ် ကျရောက်မှု ကြောင့် တတ်နိုင်သည့်နည်းလမ်းများဖြင့် ထောက်ပံ့ကူညီပေးရန် ဆောင်ရွက်ခဲ့ပါကြောင်း၊

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ရှိသည့် လူမှုဖူလုံရေးမြို့နယ်ရုံး (၈၀) ရုံးတွင် ယနေ့အချိန်အထိ အလုပ်ဌာန (၃၄,၉၂၇) ဌာနနှင့် အလုပ်သမား (၁,၂၇၇,၅၁၃) ဦးတို့ အကျုံးဝင်မှတ်ပုံတင်ထားပြီးဖြစ်ရာ ပြည်ထောင်စုနယ်မြေ အတွင်း အလုပ်ဌာန (၁,၀၈၁) ဌာန၊ အာမခံအလုပ်သမား (၂၇,၇၃၄) ဦး မှတ်ပုံတင်ထားပြီး ၎င်းတို့အနက် အလုပ်ဌာန (၁၄၈) ဌာနက ရေဘေးသင့်အာမခံအလုပ်သမား (၉၇၁) ဦးအား ငွေကြေးအကျိုးခံစားခွင့် ကျပ်သန်း (၇၁.၃၆၉) ကို ယနေ့ အခမ်းအနားတွင် ခွင့်ပြုထုတ်ပေးသွား မည်ဖြစ်ပါကြောင်း၊

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီပေးနေသည့် ဝန်ဆောင်မှုများသည် One for all , All for one (စုပေါင်းခြင်း ဖြင့်ဖူလုံအံ့) ဆိုသည့် လူမှုဖူလုံရေး ဆောင်ပုဒ်နှင့်အညီ အများမှ စုပေါင်းထည့်ဝင်ထားသော ရန်ပုံငွေများဖြင့် အာမခံအလုပ်သမား တစ်ဦးတစ်ယောက် လူမှုဒုက္ခနဲ့ရင်ဆိုင်ကြုံတွေ့ရသည့်အခါ အာမခံအလုပ်သမား၏ မှီခိုသူ မိသားစုများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ငွေကြေးအကျိုးခံစားခွင့်များကို ထောက်ပံ့ နေခြင်းဖြင့် လူမှုဒုက္ခမှ လျော့ပါးသက်သာအောင် ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ် ပါကြောင်း၊ အလုပ်ရှင်များအနေဖြင့် မိမိတို့၏ အလုပ်သမားများကို ဥပဒေနှင့်အညီ အားလုံး အကျုံးဝင်မှတ်ပုံတင်ထားဖို့ လိုအပ်သလို လုပ်ခလစာမှန်မှန်ကန်ကန်ဖြင့် ပေးသွင်းထားမှသာ အလုပ်သမားများ ဥပဒေပါအကျိုးခံစားခွင့်များ ခံစားရသည့်အချိန်တွင် နစ်နာဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ယခုထက် ပိုမိုကောင်းမွန် သော ဝန်ဆောင်မှုများပေးနိုင်ရန်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြော ကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌထံသို့ အာမခံ အလုပ်သမား (၉၇၁)ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀% ကျပ်သန်း ၇၁.၃၆၉ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံ အလုပ်သမားများကို ဆေးကုသမှုနှင့် ငွေကြေးအကျိုးခံစားခွင့်များပေးရာတွင် ခေတ်နှင့်လျော်ညီ ပြီး ပိုမိုထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်အောင် ဆောင်ရွက်နေသည် များကို သိရှိပြီးဖြစ်၍ လူမှုဖူလုံရေးအဖွဲ့ကြီး ရေရှည်တည်တံ့ခိုင်မြဲပြီး အာမခံအလုပ်သမား များနှင့် အလုပ်ရှင်များ အကျိုးရှိစေမည့် အရာများကို ဖန်တီးဆောင်ရွက်ပေးနိုင်ပါစေကြောင်းနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ အလုပ်ဌာန (၁၄၈) ဌာနမှ ရေဘေးသင့် အာမခံအလုပ်သမား (၉၇၁) ဦးကို သဘာဝဘေးအန္တရာယ်အတွက် လူမှုဖူလုံရေးထောက်ပံ့ ကူညီမှု အကျိုးခံစားခွင့် ၄၀% ငွေကျပ်သန်း (၇၁.၃၆၉) ကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် လာရောက်ခွင့်ပြုထုတ်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တက်ရောက် လာသူများမှ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။