နေပြည်တော် ဒီဇင်ဘာ ၅
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြု ယှဉ်ပြိုင်မည့် အားကစား သမားများ အား အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနစုဝေးခန်းမ၌ တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစား မောင်မယ်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် အားကစားနည်းအလိုက် လေ့ကျင့်မှု နှင့် စိတ်ဓာတ်ခံယူချက် မြင့်မားစေရေး၊ အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး ပြည်ထောင်စုစိတ်ဓာတ်ပိုမိုထွန်းကား ပြန့်ပွား စေရေး၊ နိုင်ငံတော်က ချမှတ်ထားသည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့်အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်ပါ ပြဋ္ဌာန်းချက်အရ လူတိုင်းအတွက် သက်ရှည်ကျန်းမာရေးသည် အဓိကကျပြီး အားကစားပြုလုပ်ခြင်း ကြောင့် တစ်ကိုယ်ရည်ကျန်းမာရေး အကျိုးရလဒ် ရရှိခြင်း အပြင် အသင်းအဖွဲ့နှင့်ဆောင်ရွက်ရခြင်းကြောင့် အချင်းချင်း စည်းလုံးညီညွတ်စေသည့် စုပေါင်းစိတ် ဓာတ်ကိုလည်း ရရှိစေမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအတွက် အကောင်းဆုံး စွမ်းဆောင်၍ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက အားကစားနည်းအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ သည် ဝန်ကြီးဌာနကိုယ်စားပြုဝင်ပြိုင်မည့် အားကစားသမားများ ၏ အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်း ပြသထားမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားတွင် ချီတက်မည့် ဝန်ကြီးဌာနအသင်း လေ့ကျင့် နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အလုပ်သမားဝန်ကြီးဌာနမှ ဂေါက်သီးရိုက် အားကစားနည်း၊ ဖူဆယ် အားကစားနည်း၊ ပိုက်ကျော်ခြင်းအားကစားနည်းနှင့် ပြေးခုန်ပစ် အားကစား နည်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။