အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                      အောက်တိုဘာ ၂၃

မြန်မာ-လာအိုနှစ်နိုင်ငံ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန်အတွက် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ လာအိုနိုင်ငံ၊ အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. H.E. Phongxaysack INTHALATH နှင့်အတူ ယနေ့နံနက်ပိုင်းတွင်  ဗီယင်ကျန်းမြို့၊ Saysetha Development Zone ရှိ Best Garment (Laos) စက်ရုံနှင့် Honor Home (Laos) Sole Limited စက်ရုံများသို့သွားရောက် ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တွေ့ဆုံ အားပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့သည် စက်ရုံများအတွင်း လှည့်လည်ကြည့်ရှု၍ မြန်မာအလုပ်သမား များနှင့် တွေ့ဆုံရာတွင် အလုပ်သမားများအနေဖြင့်  ရောက်ရှိသည့်နိုင်ငံ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့် ထုတ်ပြန်ထားသည့် ဥပဒေ များ၊ ဒေသန္တရစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ နိုင်ငံသားအချင်းချင်း စည်းလုံး ညီညွတ်ကြ ရန်၊ ကျန်းမာရေး ဂရုစိုက်ကြရန်နှင့် ပြဋ္ဌာန်းထားသည့် ဥပဒေပါ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးများ အပြည့် အဝ ရရှိရေး အတွက် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ နှင့် မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့နိုင် ရေးကိစ္စရပ်များကို ရှင်းလင်းမှာကြားခဲ့ပြီး အလုပ်သမား များအား သီတင်းကျွတ်အမှတ်တရ လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။