နေပြည်တော် အောက်တိုဘာ ၂၂
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ယနေ့နံနက်ပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ဝန်ကြီးချုပ် ရုံးသို့သွားရောက်၍ နှစ်နိုင်ငံအလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် Mr. Sonexay Siphandoneနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ လာအိုနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနများအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက်တို့အား လက်မှတ် ရေးထိုး၍ နှစ်နိုင်ငံကတိကဝတ်တို့ဖြင့် ပုံမှန်အလုပ်သမား များ ရွှေ့ပြောင်းသွားလာခြင်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ နယ်စပ်ဖြတ်ကျော် အလုပ်သမားများ၏ အထောက်အထားထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ဒေသတွင်း အလုပ်သမားရေးရာနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကို အလေးထားပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဆိုပါ စိန်ခေါ်မှုများကိုဖြေရှင်းနိုင်ရန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား လုပ်သားရွှေ့ပြောင်းသွားလာမှုနှင့်ပတ်သက်၍ ရေရှည်တည်တံ့ခိုင်မြဲသည့် အထောက်အကူပြုစေမည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗီယင်ကျန်းမြို့ရှိ Alpilao International Sole Limited စက်ရုံသို့သွားရောက်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အလုပ် သမားများအနေဖြင့် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅% ကို မိသားစုဝင်များထံသို့ တရားဝင် ဘဏ် စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများ ဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅% သို့မဟုတ် အများဆုံး ၃ လလျှင်တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅% ကို မိသားစုဝင်များ ထံသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း၊ တရားမဝင်နည်းလမ်းများမှ တစ်ဆင့် လွှဲပြောင်းပေးပို့လာသည့်အတွက် အလုပ် သမားများအနေဖြင့် ငွေကြေးလိမ်လည်ခံရမှုများ ကြုံတွေ့ရလျက်ရှိပါကြောင်း၊ အလုပ်သမားများရရှိမည့် အခြေခံလုပ်ခ လစာ၏ ၂၅% ကို ပြန်လည်လွှဲပြောင်း ပေးပို့စေခြင်းသည် နိုင်ငံတော်သို့ လွှဲပြောင်းပေးပို့ရခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင် ကျန်ရှိသည့် မိသားစုဝင်များထံသို့သာ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ခိုင်းခြင်းဖြစ်သည်ကို သိရှိ နားလည်စေလိုကြောင်းမှာကြားခဲ့ပြီး စက်ရုံများမှ မြန်မာအလုပ်သမားများအား သီတင်းကျွတ်အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


