နေပြည်တော် ဇူလိုင် ၁၈
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ Yun Nadi Oo Training Center သို့ သွားရောက်၍ အခြေခံမော်တော်ယာဉ်စက်ပြင်သင်တန်း ဖွင့်လှစ်ပို့ချနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ သင်တန်းကျောင်းတာဝန်ခံက သင်တန်း ကျောင်းတွင် အခြေခံမော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် အဆင့်မြင့်မော်တော်ယာဉ်စက်ပြင် သင်တန်း (၂) မျိုးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ NSSA အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ် ရရှိသည့် ကာလအတွင်း သင်တန်းသား (၁၆၅) ဦးကို ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ကြောင်း၊ သင်တန်းဆင်း များအနေဖြင့် ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းရရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်း သင်တန်းသား (၂၂၅) ဦး ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းမှ သင်ကြားပို့ချနေသည့် သင်တန်းများသည် ပြည်တွင်း/ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများသည့် သင်တန်းများဖြစ်သည့်အတွက် အလွန် ကောင်းမွန်ပါကြောင်း၊ အလုပ်အကိုင်ရှာဖွေလိုသူ လူငယ်လူရွယ်များအနေဖြင့် ယခုကဲ့သို့ အလုပ် အကိုင်အခွင့်အလမ်းကောင်းမွန်သည့် သက်မွေးပညာသင်တန်းများ တက်ရောက်ခြင်းဖြင့် ဝင်ငွေ တိုးမြင့်ရရှိလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် သင်တန်းများကို စဉ်ဆက်မပြတ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားစေလိုကြောင်း၊ သင်တန်းအရည်အသွေး တိုးတက်မြင့်မား ရေးအတွက် သင်တန်းနည်းပြများအား ခေတ်နှင့်လျော်ညီသော အတတ်ပညာများဖြင့် သင်ကြား ပို့ချနိုင်ရေး ဘဝတစ်သက်တာ သင်ယူလေ့လာမှု လမ်းစဉ်နှင့်အညီ အမြဲမပြတ် လေ့လာစေလို ကြောင်း လမ်းညွှန်မှာကြားပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ပြည်ပနိုင်ငံများသို့ သွားရောက်မည့် အလုပ်သမား များအတွက် ကြိုတင်ကျန်းမာရေး စစ်ဆေးပေးသည့် သုခမင်္ဂလာဆေးခန်းဖွင့်ပွဲသို့ တက်ရောက် ဖွင့်လှစ်၍ ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ပနိုင်ငံများသို့ သွားရောက်မည့် အလုပ်သမားများအတွက် သွားရောက်မည့်နိုင်ငံများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ သက်ဆိုင်ရာ နိုင်ငံများ၏ ဥပဒေများ၊ လုပ်ငန်းခွင်အတွင်း ဆောင်ရန်/ရှောင်ရန် အချက်များ သင်ကြားပို့ချနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ခလစာ၏ ၂၅% ကို မိသားစုဝင်များ (သို့မဟုတ်) မိမိ၏ မြန်မာနိုင်ငံရှိ ငွေစာရင်းများသို့ တရားဝင်ဘဏ် စနစ်မှတစ်ဆင့် လွှဲပို့နိုင်ရေး ဆောင်ရွက်ရမည့်အချက်များ၊ ဝင်ငွေခွန် ၂% မဖြစ်မနေပေးဆောင်ရန်ကြရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီးနောက် သင်တန်းကျောင်းဝင်း သန့်ရှင်း သပ်ရပ်မှုရှိစေရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မြောက်ဒဂုံ)တွင် ၄-၇-၂၀၂၃ ရက်နေ့မှ ၃၀-၆-၂၀၂၄ ရက်နေ့အထိ ပြည်ပ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမား ၁၆၉,၂၇၁ ဦး ကို သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။