နေပြည်တော် ဇူလိုင် ၆
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နေ့လယ်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA) မှ ဥက္ကဋ္ဌ ၊ တာဝန်ရှိ သူများနှင့် နိုင်ငံအလိုက် လုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်များအား တွေ့ဆုံခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA) တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ အခြားဟူ၍ နိုင်ငံအလိုက်အသင်းငယ်များ ဖွဲ့စည်းထားကြောင်း MOEAA သည် အေဂျင်စီပေါင်း ၅၀၀ ကျော်ရှိသဖြင့် သက်ဆိုင်ရာ နိုင်ငံအလိုက် အသင်းများဖွဲ့စည်း ပေးပြီး ပြည်ပသို့ အလုပ်သမားစေလွှတ်မှုကို ကြပ်မတ်ဆောင် ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံအလိုက် အသင်းငယ်များမှ စုစုစည်းစည်းညီညီ ညွတ်ညွတ်ဖြင့် ပြည်ပရှိ အမှန်တကယ်အလုပ်အကိုင်များကို အလုပ်သမားများအနေဖြင့် ရရှိကြပြီး ဝန်ဆောင်ခအနေဖြင့် အနည်းဆုံးဖြစ်ရန်လိုအပ်ကြောင်း၊ ပြည်ပအလုပ်လုပ်ကိုင်လိုသူ အလုပ်သမားများ အလိမ်မခံစေရန် အသင်းများမှ ညီညီညွတ်ညွတ်ဆောင်ရွက်သွားကြရန်၊ အထူးသဖြင့် အလုပ်သမားများ ပြည်ပမထွက်ခွာမီ စာချုပ်ချုပ်ဆိုရာတွင် လစာ၏ ၂၅% အား မိသားစုထံ အစိုးရပုံမှန်လမ်းကြောင်းမှ ပြန်လည်ပေးပို့ရန်၊ အခွန် ၂% ပေးဆောင်ရန်ပါရှိပြီး ဖြစ်သဖြင့် အေဂျင်စီများအနေဖြင့် အလုပ်သမားစေလွှတ်ရုံမဟုတ်ဘဲ မိသားစုလွှဲပို့ငွေများ ပြန်ပို့စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စေလွှတ်စာရင်း အရ မှတ်တမ်းတင်ထားပြီး မိသားစုလွှဲပို့ငွေ ပြန်ပို့ခြင်း ရှိ၊ မရှိ စိစစ်နေပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနေခြင်းဖြစ်၍ တာဝန်အပြင် စေတနာပါထည့်ပြီး ဆောင်ရွက်ရန်လိုကြောင်းနှင့် နိုင်ငံအလိုက် အသင်းခေါင်းဆောင်များ အနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းရင်းရင်း နှီးနှီးတင်ပြသွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအလိုက်လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် များမှ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သိရှိလို သည်များ မေးမြန်းခြင်းအပေါ် လိုအပ်သည်များ ရှင်းလင်းမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။