အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                ဇန်နဝါရီ ၁၈

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Viststump နှင့်အဖွဲ့အား ယနေ့မွန်းလွဲ (၁၄:၃၀) နာရီတွင်နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Viststump နှင့်အဖွဲ့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့မှ လာရောက် တွေ့ဆုံသည့်အတွက် ကြိုဆိုပါကြောင်း၊ ယခုလိုတွေ့ဆုံခြင်းဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ အခက်အခဲများနှင့် ရပိုင်ခွင့်များ၊ အလုပ်သမားစေလွှတ်ခြင်းကိစ္စရပ်များနှင့် နှစ်နိုင်ငံ MoU စနစ်ဖြင့် ဆောင်ရွက်မည့်ကိစ္စရပ်များအတွက် များစွာအထောက်အပံ့ဖြစ်မည်ဟု ယုံကြည် ကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရမှ တရားဝင်ခန့်အပ်ထားသည့် အလုပ်သမားသံအရာရှိများနှင့် ညှိနှိုင်းဆွေးနွေးရေးကိစ္စရပ်များ၊ MoU စနစ်ဖြင့် စေလွှတ်သည့် အလုပ်သမားများအတွက် ဗီဇာကြေးလျော့ချပေးနိုင်ရေးကိစ္စရပ်များ၊ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding on Labour Corporation)နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် (Agreement on the Employment of Workers) သက်တမ်းတိုးလက်မှတ် အမြန်ရေးထိုး နိုင်ရေးကိစ္စရပ်များ၊ MoU အလုပ်သမားများအား လေကြောင်းလိုင်းမှတစ်ဆင့် စေလွှတ်နိုင်ရေး ကိစ္စရပ်များ၊ ထိုင်းနိုင်ငံရှိ MoU သက်တမ်း ၄ နှစ်ပြည့်ပြီးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များကို နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုး အသစ်ထုတ်ပေးနိုင်ရေးနှင့် ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးသည့် ကိစ္စရပ်များနှင့် ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့မြန်မာအလုပ်သမားများကို ယာယီနေထိုင်လုပ် ကိုင်ခွင့်(ပန်းရောင်ကတ်)များ ထုတ်ပေးခြင်းကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ပါသည်။