အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                    ဇူလိုင် ၇

မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ ဧကဒဿမ အကြိမ် မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ MELIA Yangon Hotel ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း နှင့် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)မှ အသင်းဝင်အေဂျင်စီများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာနသည် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပနိုင်ငံသို့သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းများ ရရှိနိုင်ရေး၊ အလုပ်သမား စေလွှတ်သည့် ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရ အေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျ ပေးဆောင်စေ၍ နိုင်ငံတော်အတွက် ဝင်ငွေများရရှိစေရေး၊ ပြည်ပရောက် မြန်မာအလုပ်သမားများ အနေဖြင့် မိသားစုလွှဲပို့ငွေ ၂၅% ကို တရားဝင် ဘဏ်လမ်းကြောင်းများမှတစ်ဆင့် ပြန်လည်လွှဲပို့စေရေး အတွက် တာဝန်ခံစေလွှတ်သော အေဂျင်စီများက ပြည်ပရှိ အလုပ်သမားများရှိရာသို့ သွားရောက် စည်းရုံးပြီး တရားဝင်လမ်းကြောင်းမှ ပို့ဆောင်စေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ အလုပ်သမား များ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီ တောင်းခံ လာပါက အချက်အလက်များကို စစ်ဆေး၍ ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံ အလိုက် အလုပ်သမားထွက်ခွာမှု စာရင်းများမှတစ်ဆင့် လိုအပ်သည့် မူဝါဒများ ရေးဆွဲ ချမှတ် နိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျမှတ်ပုံတင် ထားရှိနိုင်ရေး  အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသဖြင့် ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက် တွင် လိုက်ပါဆောင်ရွက်လျက် ရှိသည့် MOEAA နှင့် အေဂျင်စီများအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ၏ အကျိုး၊ အေဂျင်စီများ၏ အကျိုးအား ရှေးရှု၍ လုပ်ငန်းများ ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ အေဂျင်စီများအနေဖြင့် အလုပ်သမားများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် သတ်မှတ်ဝန်ဆောင်ခများထက် ပိုမိုကောက်ခံခြင်းမပြုရန်၊ ကျင့်ဝတ်နှင့် လျော်ညီသည့် အေဂျင်စီ များဖြစ်စေရေး လိုက်နာဆောင်ရွက်ပေးကြရန်၊ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ ဆောင် ရွက်ရာတွင် ဌာနမှ သတ်မှတ်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်ပါဆောင်ရွက်ကြရန်၊ အလုပ်သမား များအား ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် စနစ်တကျ မှန်မှန်ကန်ကန် စေလွှတ်ရန်၊ မိမိတို့ စေလွှတ်ထားသည့် အလုပ်သမားများအား ကူညီစောင့်ရှောက်ပေးကြရန်နှင့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ လိုက်ပါ ဆောင်ရွက်၍ ကူညီဖြေရှင်းပေးရန်၊ သက်ဆိုင်ရာနိုင်ငံ၏ အလုပ်သမားဥပဒေပါ အခွင့်အရေးများ၊ အကျိုးခံစားခွင့်များရရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊

ထို့နောက် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA) ဥက္ကဋ္ဌ မှ အမှာစကားပြောကြားခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသည့် စေလွှတ်နိုင်ငံအလိုက် အေဂျင်စီများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။