အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                      ဇွန် ၂၇

          အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရှိ  လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးမှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကြည့်ရှုအားပေးခဲ့သည်။

          လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်ဖြင့် ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ တွင် အလုပ်သမားဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ရာ ဆေးဝါးကုသမှုစုစုပေါင်း (၂၃၇)ဦးအနက် ဓာတ်ခွဲစစ်ဆေးမှု (၁၀၆) ဦး၊ နှလုံးအတွက် ECG စစ်ဆေးခြင်း (၂၈) ဦးတို့ကို ဆောင်ရွက်ပေးခဲ့သည်။

          လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ၂၀၂၄ ခုနှစ် မေလတွင် အကျုံးဝင်အာမခံအလုပ်သမား ၁,၂၃၁,၄၉၈ ဦး ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံကြီး (၃) ရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၁) ခန်း၊ စာချုပ်ဆေးခန်း (၆၆) ခန်း၊ သားဖွားမီးယပ် ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ်ဆေးခန်း (၄၅) ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၅) ခန်း၊ တိုင်းရင်း ဆေးခန်း (၁) ခန်း တို့ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိသည်။  

          အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် နေပြည်တော်ရှိ ဝန်ကြီးဌာနများ၊ အလုပ်ဌာနများရှိ လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ မှ ဩဂုတ်လ ၆ ရက်နေ့ထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များတွင်လည်း ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) (၂) စီးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။