နေပြည်တော်၊ မေ ၂၃
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် လာအိုနိုင်ငံ၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဆိုင်ရာဝန်ကြီးဌာနက ဦးဆောင်၍ online ဖြင့် ကျင်းပပြုလုပ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်းအလုပ်သမားများ အတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ (၄)ကြိမ်မြောက် အလုပ် သမားဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေး သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်း အလုပ်သမား များအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ အလုပ်သမားဝန်ကြီး များအဆင့် ပူးတွဲကြေညာချက်အား အတည်ပြုချမှတ်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် များစွာ အကျိုးပြုလျက်ရှိသော်လည်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခြေခံလူမှုဖူလုံရေးအစီအစဉ်များအား ပါဝင်နိုင်ရန်အတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင် လျက်ရှိပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအားလုံး တရားဝင် လမ်းကြောင်းများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နိုင်စေရေး၊ လူမှုကာကွယ်ရေးနှင့် လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များအား သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေများနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းအရ ပြည်သူလူထုအားလုံးအနေဖြင့် လူမှုဖူလုံရေးအကျိုးခံစားခွင့်များအား ရရှိပိုင်ခွင့်ရှိ ပါကြောင်း၊ ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများအတွက် လွှဲပြောင်းရယူနိုင်သော လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေး အကောင်အထည်ဖော်မည့် အစီအမံများ ဆောင်ရွက်နိုင်ရန် တစ်ကမ္ဘာလုံးဆိုင်ရာ ဘေးကင်း၍ စနစ်ကျသည့် ပုံမှန်ရွှေ့ပြောင်းသွားလာမှုများ ဖြစ်ပေါ်လာ စေရေးအတွက် ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အတည်ပြုချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူမှုဖူလုံရေး အသင်း International Social Security Association (ISSA) အဖွဲ့သို့ ၁၉၅၇ ခုနှစ်မှစတင်၍ ဝင်ရောက်ခဲ့ပါကြောင်းနှင့် အာဆီယံလူမှုဖူလုံရေးအဖွဲ့အစည်းသို့ ၂၀၁၅ ခုနှစ်တွင် အဖွဲ့ဝင် အဖြစ် ဝင်ရောက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် အလုပ်သမားများအားလုံး၏ လူမှုဖူလုံ ရေးဆိုင်ရာကိစ္စရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ အားလုံး၏ ကတိကဝတ်များနှင့် စုပေါင်းဆုံးဖြတ်ချက်များဖြင့် အမျိုးသားအဆင့်နှင့် ဒေသတွင်း အဆင့်တွင် ထိရောက်ကောင်းမွန်သည့် လွှဲပြောင်းရယူနိုင်သော လူမှုဖူလုံရေး အကျိုခံစားခွင့်များ ရရှိခံစားနိုင်ရေး အစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ကြီး၏ စည်းလုံးညီညွတ်သည့် ကောင်းမွန်သော စိတ်ဓာတ်နှင့်အတူ ရွှေ့ပြောင်း အလုပ်သမားများ၏ လူနေမှုဘဝ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာစေရေး၊ ပိုမို ကြွယ်ဝချမ်းသာလာသည့် ဒေသဖြစ်စေရေးတို့အတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
နံနက်ပိုင်းတွင် ကျင်းပသည့် (၇) ကြိမ်မြောက် အဆင့်မြင့်အလုပ်သမားအရာရှိကြီးများ အစည်းအဝေးသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း တက်ရောက်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံချင်းစီ၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အခြေအနေများနှင့် ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အကျိုးခံစားခွင့်များ လွှဲပြောင်းရယူနိုင်သည့် လူမှုဖူလုံရေးစနစ်နှင့်စပ်လျဉ်း၍ ကောင်းမွန်သည့် ကျင့်သုံးမှုများ၊ အတွေ့အကြုံများနှင့်ပတ်သက်၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ ကြေညာစာတမ်းအပေါ် ဆွေးနွေးခြင်းနှင့် အကြံပြုသုံးသပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ကျင်းပသည့် (၄) ကြိမ်မြောက် အလုပ်သမားဝန်ကြီးများ အစည်းအဝေး ၌ လာအိုပြည်သူ့သမ္မတနိုင်ငံ၊ အလုပ်သမားရေးရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူက (၇)ကြိမ် မြောက် အစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများကို အနှစ်ချုပ်ဆွေးနွေးခဲ့မှုအပေါ် တက်ရောက် လာသည့် ဝန်ကြီးများက ဆွေးနွေးအကြံပြုသုံးသပ်ခဲ့ကြပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် လွှဲပြောင်းရယူနိုင်ရေးဆိုင်ရာ အလုပ်သမားဝန်ကြီးများအဆင့် ပူးတွဲကြေညာချက်ကို အတည်ပြု ခဲ့ကြသည်။
အဆိုပါအစည်းအဝေးများသို့ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများရှိ အလုပ်သမားဝန်ကြီးများနှင့် အဆင့်မြင့်အလုပ်သမားအရာရှိကြီးများ တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။