နေပြည်တော် မေ ၃၁
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဝါးတစ်ရာစက်မှုဇုန်ရှိ Very Impressive Prospect Co., Ltd အားကစားပစ္စည်းထုတ်လုပ်သည့်စက်ရုံနှင့် သာဓုကန်စက်မှုဇုန်ရှိ Myanmar Pou Chen Co., Ltd ဖိနပ်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံတာဝန်ရှိသူ များက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် အလုပ်သမား ရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ စက်ရုံတွင်း အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု၊ အလုပ်သမားများ၏ သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာမှုရှိစေရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်၍ မျှတသည့် အလုပ်ရှင်၊ အလုပ် သမားဆက်ဆံရေး ရရှိစေရန်နှင့် အလုပ်သမားရေးရာအငြင်းပွားမှုများ လျော့နည်းစေရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်(EC) ချုပ်ဆိုပေးလျက်ရှိကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိရေးအတွက် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်များကို ချိတ်ဆက် ပေးခြင်း၊ One Stop Service ဖြင့် ရွေးချယ်ခန့်ထားပေးနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်း ပြပွဲများ ကျင်းပပေးခြင်း၊ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီများ လိုင်စင်ထုတ်ပေးခြင်း၊ အလုပ်သမားများအတွက် အခကြေးငွေနှင့် အချိန်ပိုကြေးများခံစားစေခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်နှင့် မီးဖွားခွင့်များဥပဒေနှင့် အညီခံစားစေခြင်း၊ MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့(NSSA) ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးခြင်း၊ အလုပ် သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်း၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံ အလုပ်သမားများကို သက်ဆိုင်ရာအာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအား တိုးတက်စေရန် အလုပ်ရှင်နှင့် အလုပ်သမား လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများကို လေးစားလိုက်နာရန်နှင့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ပြောကြားရန်နှင့် အေးချမ်းသာယာသော လုပ်ငန်းခွင်များဖြစ်အောင် ဖန်တီး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Myanmar Pou Chen Co., Ltd ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့သည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်ရှိ အလုပ်သမား ဆေးရုံကြီးသို့ သွားရောက်၍ အာမခံအလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ ဆေးရုံရှိ တာဝန်ရှိသူ များအနေဖြင့် စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ အလုပ်သမားဆေးရုံ (ထန်းတပင်)တွင် လိုအပ်သော ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်နိုင်ရေး လျာထားတင်ပြဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ဆေးရုံသုံးစက်ပစ္စည်းများပျက်ပါက ကျန်းမာရေး စောင့်ရှောက်မှုဝန်ဆောင်မှုပေးရသည်ဖြစ်၍ ပြန်လည်ပြင်ဆင်နိုင်ရေး လျင်မြန်စွာ တင်ပြဆောင် ရွက်ရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သက်တမ်းလွန်/ လေလွင့်ဆေးများ မဖြစ်စေရန်စီမံခြင်းနှင့် ဆေးရုံလုံခြုံရေး အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရ သည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက် ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာစက်မှုဇုန်ရှိ Sioen Myanmar Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှု့စစ်ဆေး၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေး ညီညွတ်မှုရှိစေရန်နှင့် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ အပြည့်အဝ ရရှိစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းခွင်ထိခိုက်မှုများ ဖြစ်ပွားမှုမရှိစေရေး၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံများတွင် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များနှင့် ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။