နေပြည်တော် ဧပြီ ၃၀
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) အဆောက် အဦသစ် ဖွင့်ပွဲအခမ်းအနားနှင့် လူမှုဖူလုံရေး-ကောင်းဇေ အထွေထွေရောဂါကု ဆေးခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အကျုံးဝင် အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ကောင်းဇေဆေးခန်းမှ တာဝန်ရှိ သူများ တက်ရောက်ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆေးခန်းနှင့် ရုံးအဆောက်အဦတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ ပင်လုံခန်းမ၌ ကိုရီးယားဘာသာအရည်အချင်း စစ်ဆေးခြင်းစာမေးပွဲ (EPS-Topik) ဖြေဆိုနေမှု အား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တာမွေမြို့နယ် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)ရှိ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံထားသော ပြင်ပလူနာဌာန ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဆေးရုံကြီးရှိ ကျောက်ကပ်တုသွေးသန့်စင်ခန်း တွင် စက် ၄ လုံး တပ်ဆင်ကုသပေးနေမှုအခြေအနေများနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ကျောက်ကပ်ဆေးကြောသည့်လူနာများအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ သည်။
အလုပ်သမားဆေးရုံကြီး(ရန်ကုန်)ရှိ ကျောက်ကပ်တုသွေးသန့်စင်ခန်းတွင် စက် ၄ လုံး တပ်ဆင်ပြီး တစ်ရက် ၈ ယောက်နှုန်းဖြင့် တနင်္ဂနွေရက်နေ့မပါ အာမခံအလုပ်သမားများကို အခမဲ့ဆေးကြောပေးလျက်ရှိပြီး အလုပ်သမားဆေးရုံကြီး(မန္တလေး)တွင်လည်း အလားတူ ဆောင် ရွက်ပေးနေပြီဖြစ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်အာမခံအလုပ် သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အလုပ်သမားဆေးရုံကြီး (၃) ရုံကို ဆောက်လုပ်ပြီး အာမခံအလုပ်သမားများအတွက် ကောင်းမွန်ပြည့်စုံသည့် ကျန်းမာရေးဝန်ဆောင် မှုများပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)၌ ပြင်ပလူနာဌာန နှင့် ကျောက်ကပ်တုသွေးသန့်စင်ခန်း အဆင့်မြှင့်တင်မွမ်းမံခြင်းများကို လူမှုဖူလုံရေးအဖွဲ့၏ မိမိဘဏ္ဍာရန်ပုံငွေမှ ငွေကျပ် ၃၇.၆၇ သန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်ခဲ့ပြီး အာမခံအလုပ်သမားလူနာများအား ကျန်းမာရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပေးလျက်ရှိပါသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမား များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း (၁၅) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၄၉) ခန်း၊ Specialist OG OPD ပြသနိုင်သောဆေးခန်း (၃၈) ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၅) ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျုံးဝင်အာမခံ အလုပ်သမားပေါင်း (၈၉၂,၇၉၇) ဦးအတွက် လူမှုဖူလုံရေး ဆေးခန်း (၁၅) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၃၄) ခန်း၊ Capitation Payment စာချုပ်ဆေးခန်း (၇) ခန်းနှင့် Specialist OG OPD ပြသနိုင်သောဆေးခန်း (၂၆) ခန်း ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ လူနာဦးရေ (၈၄,၄၄၇) ဦးအား ဆေးဖိုးငွေကျပ် (၅၀၈၆) သန်း ပေးအမ်းခဲ့ပါကြောင်း သိရှိရပါသည်။


