နေပြည်တော် ဧပြီ ၂၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်ရုံးနှင့် ဆေးခန်းအဆောက်အဦသစ်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်လာစေရေး မဟာ ဗျူဟာရည်မှန်းချက်တစ်ရပ်ချမှတ်၍ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ကြေးများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု များနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူလက်လှမ်းမီရယူနိုင်စေရန် အလုပ်သမားဆေးရုံကြီးများနှင့် ဆေးခန်းများအပြင် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများ ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမား များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း (၁၅) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၄၉) ခန်း၊ Specialist OG OPD ပြသနိုင်သောဆေးခန်း (၃၈) ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၅) ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျုံးဝင်အာမခံ အလုပ်သမားပေါင်း (၂၇,၁၅၇) ဦးအတွက် လူမှုဖူလုံရေး ဆေးခန်း (၁၀) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၃) ခန်း၊ Capitation Payment စာချုပ်ဆေးခန်း (၁) ခန်းနှင့် Specialist OG OPD ပြသနိုင်သောဆေးခန်း (၁) ခန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ လူနာဦးရေ (၁၁၀၉) ဦးအား ဆေးဖိုးငွေကျပ်သန်း (၂၄၄.၅၆၄) သန်း ပေးအမ်းခဲ့ကြောင်းနှင့် အဆိုပါ မြို့နယ်ရုံးနှင့် ဆေးခန်းအဆောက်အဦသစ် တို့အား (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၆၉.၉၇၃ သန်း ဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရှိရပါသည်။