ရန်ကုန် မတ် ၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နေ့လယ်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း ပို့ချနေမှု အခြေအနေများ၊ ပြည်ပသွားရောက်မည့် သင်တန်းတက်ရောက်ပြီး အလုပ်သမားများအား OWIC ကတ် ထုတ်ပေးနေမှုအခြေအနေ၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POEA မှ ကိုရီးယားသို့ EPS စနစ်ဖြင့် အလုပ်သမားများစေလွှတ်မှုအခြေအနေနှင့် EPS စာမေးပွဲအတွက် ပြင်ဆင်နေမှု များ၊ သင်တန်းကျောင်းဝန်းအတွင်း ပြုပြင် မွမ်းမံမှုများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် သင်္ဃန်ကျွန်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(CVT)သို့ ရောက်ရှိစစ်ဆေးခဲ့ရာ သင်တန်းကျောင်းတာဝန်ခံက NSSA Technical Office (Yangon)ကို ယခင်က ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)ကျောင်းဝန်းအတွင်း၌ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုသင်တန်းကျောင်း အဆောက်အဦသို့ ၆-၉-၂၀၂၃ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ပါကြောင်း၊ သင်တန်းဆောင် အောက်ထပ် တွင် NSSA Technical Office (Yangon)၊ သင်္ဃန်းကျွန်းမြို့နယ် လူမှုဖူလုံရေးဆေးခန်းတို့ ဖွင့်လှစ်ထားရှိပြီး အပေါ်ထပ်တွင် လုပ်သားဈေးကွက် လိုအပ်ချက်များနှင့်ကိုက်ညီသော ကျွမ်းကျင်မှု သင်တန်းများဖွင့်လှစ်ခြင်းနှင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းများ ဆောင်ရွက်မည့်အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကျောင်းတွင် ယခင်ကတည်းက အသက်မွေး ဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချ ခဲ့ခြင်းဖြစ်၍ သင်တန်းပို့ချမှုများ စဉ်ဆက်မပြတ် သင်တန်းများ ဖွင့်လှစ်ပို့ချရန်လိုအပ်ကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းအစီအစဉ် အတွက် အထောက်အကူပြုပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်း အလုပ်သမားများအတွက် Technical Level ဖြင့် သွားရောက်နိုင်ရေး အဆင့်မြင့်သင်တန်းများပို့ချရန် လိုအပ်ကြောင်း၊ သင်တန်းခန်းများ သုံးစွဲရာတွင် စနစ်တကျနှင့် ပျက်စီးမှုမရှိစေရေး၊ သင်တန်း ကျောင်းလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ကြရန်နှင့် လျှပ်စစ်ပစ္စည်းများသုံးစွဲရာတွင် စနစ်တကျသုံးစွဲကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)အတွင်း တိုးချဲ့ပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ပြင်ပလူနာဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ဆေးရုံကြီးတွင် အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေ နှင့် အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ၌ Ward အားလုံးဖွင့်လှစ်နိုင်မှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ဆေးရုံရှိ ဆရာဝန်၊ သူနာပြုများအားတွေ့ဆုံ၍ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ များနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ပြီး ဆေးရုံပရဝဏ်၊ သူနာပြုနှင့် ဝန်ထမ်းအိမ်ယာများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးမှ ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင် နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသောကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းအင်အားပြည့်လည်ပတ်ရန် လိုအပ်ချက်ကိုလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ဆေးရုံရှိ တာဝန် ရှိသူများအနေဖြင့် စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေ လိုကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/လေလွင့်ဆေးများ မဖြစ်စေရန် စီမံခြင်း၊ ဆေးရုံလုံခြုံရေး အလေးထားဆောင်ရွက် ကြရန်၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ် စွာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခု ဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်၊ တစ်လလျှင် ကျောက်ကပ်ဆေးလူနာ (၅၀) ဦးမှ (၁၀၀)ဦးအထိ စက်တိုးချဲ့တပ်ဆင်ပြီး ဆေးကြောကုသပေးနိုင်ရေး အလေးထား ဆောင်ရွက်ရန်နှင့် ယခုထက်ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။