ရန်ကုန် ဖေဖော်ဝါရီ ၂၃
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ လူမှုဖူလုံရေး ဆေးခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
လူမှုဖူလုံရေးဆေးခန်းသို့ ရောက်ရှိစဉ် လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီးတာဝန်ခံက လူမှုဖူလုံရေးဆေးခန်းနှင့် တောင်ဥက္ကလာပ လူမှုဖူလုံရေးမြို့နယ်ရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံကာ အလုပ်ရှင်နှင့် အာမခံအလုပ်သမား များ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာ ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း အင်အားပြည့် လည်ပတ်ရန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ဆေးခန်းရှိ တာဝန်ရှိသူများ အနေဖြင့် စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးခန်းသုံးပစ္စည်းများ ပြင်ဆင် ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/လေလွင့်ဆေးများ မဖြစ်စေရန် စီမံခြင်း၊ ဆေးခန်းလုံခြုံရေး အလေးထားဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်း များ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်ရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့် အခြေအနေကို လှည့်လည်စစ်ဆေးခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခု ဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ယခုထက် ပိုမိုထိရောက် အောင် ဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ အလုပ်သမား ဝန်ကြီးဌာနဓမ္မာရုံအား စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ပြည်ပအလုပ် အကိုင်လမ်းညွှန်သင်တန်း တက်ရောက်နေသည့် ကိုရီးယားသမ္မတနိုင်ငံတွင် အမှတ်ပေး စနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ် (EPS)ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် သင်တန်းသားအလုပ်သမားများကို သွားရောက်တွေ့ဆုံ အားပေးပြီး သင်တန်းကျောင်းအဆောက်အဦနှင့် ပတ်ဝန်းကျင်စိမ်းလန်းသာယာစေရေး ဆောင်ရွက်ထား ရှိမှုများကို စစ်ဆေးကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
