ဘားအံ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများအပါအဝင် စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြား၍ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံတွင် အရည်အချင်း ပြည့်ဝသည့် လုပ်သား အင်အားထု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ကြောင်း၊ အမှန်တကယ်အလုပ်လုပ်နိုင်သူများကို သင့်တင့် ကောင်းမွန်သည့် လုပ်ငန်းခွင်များတွင် နေရာချထားပေးခြင်းဖြင့် လုပ်ခဝင်ငွေများရရှိစေပြီး အလုပ်သမားများ၏ လူမှုဘဝ မြင့်မားလာစေရေး အလေးထားဆောင်ရွက်ပေးနေကြောင်း၊
စက်ရုံအလုပ်ရုံ၊ ဆိုင်/ အလုပ်ဌာနများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းစေရေး၊ လူမှုဖူလုံ ရေး အကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေး၊ ဦးစီးဌာန အဖွဲ့အလိုက် အလုပ်သမားဥပဒေများနှင့်အညီ စည်းကြပ်ဆောင်ရွက်ပေးနေပြီး လုပ်သားထုယှဉ်ပြိုင် နိုင်စွမ်းမြှင့်တင်ပေး နိုင်ရေး လုပ်ငန်းခွင်ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားပေးခြင်းကို လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း၊
နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်တွင် “တိုးတက်ကောင်းမွန်သည့် စီးပွားရေးမောင်းနှင် အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး” ဟု ပါဝင်သောကြောင့် ကျွမ်းကျင်လုပ်သား များနှင့် လည်ပတ်နိုင်မှသာလျှင် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ကျွမ်းကျင်လုပ်သားများ ဖွံ့ဖြိုးတိုးတက်ရေးတွေကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
အလုပ်ရှင်နှင့် လုပ်ငန်းခွင်မှ လိုအပ်သည့် ကျွမ်းကျင်လုပ်သား မွေးထုတ်နိုင်မှုသည် ကုန်ထုတ် စွမ်းအားတိုးမြင့်ရေးအတွက် အရေးကြီးသဖြင့် အလုပ်သမားဝန်ကြီးဌာနက လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုပ်သား များ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ကို ၂၀၀၇ ခုနှစ်က စတင်ဖွဲ့စည်း၍ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ လုပ်သားများ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊
ကရင်ပြည်နယ်အတွင်း လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာငွေဖြင့် ၂၀၂၃ ခုနှစ်တွင် (၆၀) ဦးမွေးထုတ်ပေးခဲ့ပြီး ၁၈-၁-၂၀၂၄ ရက်နေ့မှ ၂၉-၂-၂၀၂၄ ရက်နေ့ ထိ အဆင့်မြင့်လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းကို သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးနေကြောင်း၊
အုတ်စီလုပ်သားနှင့် လက်သမားအလုပ်အကိုင်၊ လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှုအဆင့် ၁ တို့အတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနများ တည်ထောင်ကာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဖြေဆိုသူ (၁၆၁) ဦး အနက် အရည်အသွေးပြည့်မီသူ (၁၅၀) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိနိုင်သည့် ဆိုင်ကယ်ပြုပြင်ခြင်း၊ မြက်ရိတ်စက်ပြုပြင်ခြင်းနှင့် ရေစုပ် စက်ပြုပြင်ခြင်းလုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများ အသိအမှတ်ပြုပေးနိုင်ရေး ပြည်နယ်အစိုးရထံ တင်ပြဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လုပ်သားဈေးကွက်နှင့် ကိုက်ညီသည့် တင်ပြပါ သင်တန်းများကို သက်ဆိုင်ရာဦးစီးဌာနများ၊ ကျွမ်းကျင် ပညာရှင်များ၊ MSME လုပ်ငန်းရှင်များ ပူးပေါင်း၍ စိတ်ပါဝင်စားသည့် လူငယ် လူရွယ်များအတွက် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်နယ်အတွင်းရှိ အလုပ်သမားရေးရာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး စက်ရုံအလုပ်ရုံ၊ ဆိုင်အလုပ်ဌာနများတွင် တည်ဆဲဥပဒေနှင့်အညီ EC စာချုပ်ချုပ်ဆိုခြင်း ဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများသည် အလုပ်သမားရေးရာ ဥပဒေပါခံစားခွင့်များကို သိရှိနားလည်၍ အငြင်းပွားမှုလျော့နည်းစေပြီး လုပ်ငန်းခွင်တည်ငြိမ် အေးချမ်း၍ ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်စေနိုင်ကြောင်း၊ အငြင်းပွားမှုမဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်ခြင်း၊ အငြင်းပွားမှု ဖြစ်ပွားပါက အလွယ်တကူ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှုကြောင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊
ပြည်နယ်အတွင်း ပြည်ပကိုထွက်ခွာမည့် ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ MoU စနစ် ဖြင့် စနစ်တကျ တရားဝင်လမ်းကြောင်းမှတစ်ဆင့် ဥပဒေနှင့်အညီ ရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင်ရန်နှင့် ကျွမ်းကျင်လုပ်သားမွေးထုတ် ပေးနိုင်ရေး ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်များ၊ အလုပ်ရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များနှင့် အလေးထားပူးပေါင်းကူညီဆောင် ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
