မော်လမြိုင် ဖေဖော်ဝါရီ ၂၅
မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားဥပဒေများ အသိပညာ ပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊မွန်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်နှင့် အလုပ်သမားရေးရာဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများအပါအဝင် စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြား၍ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းချက်ချထားပြီး မြန်မာနိုင်ငံ တွင် အရည်အချင်းပြည့်ဝသည့် လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်များ ပိုမိုဖန်တီး ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်/ အလုပ်ဌာနများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းစေရေး၊ လူမှုဖူလုံရေး အကျိုး ခံစားခွင့်များ ရရှိခံစားနိုင်ရေး စည်းကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်သားထုယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးနိုင်ရန် လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေးကို လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာ့လုပ်သားထု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အမှန်တကယ် အလုပ်လုပ်နိုင်သူများကို သင်တင့်ကောင်းမွန် သည့် လုပ်ငန်းခွင်များတွင် နေရာချထားပေးခြင်းဖြင့် အလုပ်သမားများအတွက် လုပ်ခဝင်ငွေများ ပိုမိုရရှိစေပြီး အလုပ်သမား များ၏ လူမှုဘဝမြင့်မားလာစေရေးတို့အတွက် အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊
ထို့အပြင် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်တွင် “တိုးတက်ကောင်းမွန်သည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန် ကဏ္ဍမြှင့်တင်ရေး” ဟု ပါဝင်သောကြောင့် ကျွမ်းကျင် လုပ်သားများနှင့် လည်ပတ်နိုင်မှသာလျှင် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ကျွမ်းကျင်လုပ်သားများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
အလုပ်ရှင်နှင့် လုပ်ငန်းခွင်မှ လိုအပ်သည့် ကျွမ်းကျင်လုပ်သား မွေးထုတ်နိုင်မှုသည် ကုန်ထုတ် စွမ်းအားတိုးမြင့်ရေးအတွက် အရေးကြီးသဖြင့် အလုပ်သမားဝန်ကြီးဌာနက လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် Focal Ministry အဖြစ် ဆောင်ရွက်၍ လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်အဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်း၍ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ကို ၂၀၀၇ ခုနှစ်က စတင်ဖွဲ့စည်းပြီး ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ စည်းကြပ်ဆောင်ရွက်နေကြောင်း၊
NSSA အနေဖြင့် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် အရည် အချင်းသတ်မှတ်မူဘောင် အဆင့် (၁) မှ အဆင့် (၄) ဖြစ်သည့် တစ်စိတ်တစ်ဒေသကျွမ်းကျင် လုပ်သား၊ ကျွမ်းကျင်လုပ်သား၊ အဆင့်မြင့်ကျွမ်းကျင် လုပ်သားနှင့် ကြီးကြပ်သူဟူ၍ သတ်မှတ်ပြီး ၂၀၁၄ ခုနှစ်မှ စတင်၍ နိုင်ငံတကာစံနှုန်းတွေနှင့် လုပ်သားများ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊
NSSA အနေဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီနှင့် လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ (၁၆)ခုတို့နှင့်ပူးပေါင်း၍ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊
NSSA အနေနှင့် လက်ရှိအချိန်ထိ လုပ်ငန်းကဏ္ဍအသီးသီးတွင် အလုပ်အကိုင်(၇၀)မျိုး အတွက် ကျွမ်းကျင်မှု “စံ” (၉၂) ခု ရေးဆွဲအတည်ပြုခဲ့ပြီး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၂၅၆)ခုကို တည်ထောင်ကာ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် (၄၀)မျိုးတွင် ဖြေဆိုသူ (၂၇,၅၅၈)ဦးကို စစ်ဆေးအကဲဖြတ်၍ အရည်အသွေးပြည့်မီသူ (၂၅,၂၆၆)ဦး မွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊
မွန်ပြည်နယ်အတွင်း လျှပ်စစ်တပ်ဆင်မှုကျွမ်းကျင်၊ အဆောက်အဦလက်သမား၊ အုတ်စီ လုပ်သား၊ ရာဘာအစေးခြစ်လုပ်သား၊ သံချည်သံကွေးလုပ်သား၊ ဟိုတယ်စားပွဲထိုးဝန်ထမ်း၊ အိပ်ခန်း ဆောင်ဝန်ထမ်းအလုပ်အကိုင်များအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ခြင်းကို ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ဖြေဆိုသူ (၁,၀၃၄)ဦးအနက် အရည်အသွေး ပြည့်မီသူ (၉၈၄)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အုတ်စီလုပ်သား၊ အဆောက်အဦလက်သမား၊ လျှပ်စစ်လုပ်သားကျွမ်းကျင်၊ ရာဘာအစေးခြစ်လုပ်သား၊ သံချည်သံကွေးလုပ်သား၊ ဂဟေဆက်လုပ်သားများအတွက် စစ်ဆေး အကဲဖြတ်ရေးဌာန (၃)ခုကို အသိအမှတ်ပြုထားပြီးဖြစ်၍ အလုပ်အကိုင်အမျိုးအစားအလိုက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်မှုများ ဘဏ္ဍာရေးနှစ် အလိုက် စီမံချက်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊
မွန်ပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အဓိကလိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် MSME လုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက် စေလိုကြောင်း၊
အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ် (EC) စာချုပ်ချုပ်ဆိုခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများသည် အလုပ်သမားရေးရာ ဥပဒေပါခံစားခွင့်များကို သိရှိနားလည်၍ အငြင်းပွားမှု လျော့နည်းစေပြီး လုပ်ငန်းခွင်တည်ငြိမ် အေးချမ်း၍ ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်လာနိုင်ခြင်း၊ အငြင်းပွားမှုမဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်ခြင်း၊ အငြင်းပွားမှု ဖြစ်ပွားပါက အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (Workplace Coordinating Committee-WCC) အဖွဲ့မှ EC စာချုပ် ဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်သဖြင့် နှစ်ဦးနှစ်ဖက်ရာနှုန်းပြည့်ချုပ်ဆိုရန် လိုအပ်ကြောင်း၊
ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့များအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များကို သက်ဆိုင်ရာ အလုပ်သမားဥပဒေများနဲ့ စည်းကြပ်ဆောင်ရွက်နေခြင်းကြောင့် ပြည်ပကိုထွက်ခွာ မည့် ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်ပြီး MoU စနစ်ဖြင့် ထွက်ခွာနိုင်ရန်၊ တရားဝင်လမ်း ကြောင်းမှတစ်ဆင့် ဥပဒေနှင့်အညီ ရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင်ရန်နှင့် ကျွမ်းကျင်လုပ်သားမွေး ထုတ်ပေးနိုင်ရေး ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။